ပျောက်သောသူ ရှာလည်းမတွေ့ခဲ့ပါ

ဆွန်ဘက်ဆွန်ဖုန်းဟာ လာအိုနိုင်ငံသားတစ်ယောက်ဖြစ်ပါတယ်။တစ်ခေတ်တစ်ယောက်ဆိုသလို သြဇာကြီးတဲ့ပြည်တွင်းရောပြည်ပမှာပါ လူသိများတဲ့ တာရှည်ခံဖွံ့ဖြိုးရေးအတွက်တစ်သက်လုံးဆော်သြလှုပ်ရှားလာတဲ့ပြည်သူ့လူ့အဖွဲ့အစည်းခေါင်းဆောင်တစ်ဦးဖြစ်ပါတယ်။

ကုန်းတွင်းပိတ်နိုင်ငံဖြစ်တဲ့ လာအိုမှာ  စီးပွားရေးသမားတွေအတွက် ငွေရှာစရာအကွက်အကွင်းဟာ မြေထုနဲ့ရေထုဖြစ်ခဲ့တာမို့ ဖွံ့ဖြိုးလာဖို့ကြိုးစားကြတဲ့အခါ မြေကိုဖွင့်ပြီး သယံဇာတရှာဖွေဖို့၊ စီးနေတဲ့ မြစ်တွေကိုတန့်ပြီး လျှပ်စစ်ဓာတ်အားကိုအလွန်အကျွံ ထုတ်ယူပြီး ငွေရှာဖို့၊ လယ်သမားတွေဆီက၊ တောင်ပေါ်နေသူတွေရဲ့ စိုက်ခင်းတွေဆီက မြေတွေသိမ်းယူနေတဲ့အချိန်မှာ Sustainable Developmentအကြောင်းဟိုဟိုဒီဒီ တရားလိုက်ဟောတဲ့ ပုဂ္ဂိုလ်ကြီးပေါ့။

ပစ္စုပ္ပန်မှာလည်းစားနောင်စားဖို့လည်း ချန်ထား၊ လောလောဆယ်လောဘတကြီးအကုန်စားရင်နောင်မှာ ဒုက္ခလှလှတွေ့ရင် ရှောင်နိုင်မယ်မဟုတ်ဘူးလို့ ဟောပြောဆော်သြဖို့ တကယ်တော့ မလွတ်လပ်တဲ့ပတ်ဝန်းကျင်မှာမလွယ်လှပါဘူး။

ဆွန်ဘက်က လာအိုနိုင်ငံမှာဒါတွေကို ပြောရဲဆိုရဲတဲ့ပညာရှင်ပါ။သူဟာရပ်ရွာဖွံ့ဖြိုးရေးလုပ်ငန်းတွေကိုအောက်ခြေအထိဆောင်ရွက်သူဖြစ်သလို သူဟာလယ်သမားလည်းဖြစ်ပါတယ်။

ဆွန်ဘက်ဟာ အသက် ၆၀ ရှိပါပြီ။ဆင်းရဲတဲ့မိသားစုတစ်ခုမှာ မွေးဖွားခဲဲ့ပြီး မွေးချင်းရှစ်ယောက်မှာ အကြီးဆုံးပါ။ ငယ်ငယ်က စာကြိုးစားတာကြောင့်ကံကောင်းထောက်မပြီးအမေရိကန်မှာကျောင်းတက်ဖို့စကောလားရှစ်ရခဲ့ပါတယ်။

သူဟာ ၁၉၇၄ မှာ ဟာဝိုင်အီတက္ကသိုလ်က ပညာရေးနဲ့ ဘွဲ့ကြိုတန်းပြီးမြောက်ခဲ့ပြီးစိုက်ပျိုးရေးပညာမဟာဘွဲ့ကိုအဲဒီမှာပဲဆက်တက်ခဲ့ပါတယ်။ ကျောင်းပြီးတဲ့အခါ ခေတ်အခြေအနေအရ လာအိုဟာ အမေရိကန်မှာဝင်ဆံ့နိုင်နေပြီဖြစ်တဲ့သူတစ်ယောက်အတွက် ပြန်လာချင်စရာကောင်းတဲ့နိုင်ငံတစ်ခု မဟုတ်ခဲ့ပါဘူး။ ဆင်းရဲတဲ့၊ဖွံ့ဖြိုးမှု နောက်ကျတဲ့၊ နိုင်ငံရေးအရလွတ်လွတ်လပ်လပ်လှုပ်ရှားလို့မရတဲ့နိုင်ငံတစ်ခုဖြစ်နေတဲ့အတွက်သူနဲ့ရွယ်တူသူငယ်ချင်းတွေက ပြန်မလာဖို့ဆုံးဖြတ်ခဲ့ကြတယ်။

သူကတော့ လာအိုကိုပြန်လာခဲ့တယ်။ ကြမ်းခုနစ်ချောင်းနဲ့ ဖြစ်ရင်လည်း လာအိုဟာသူ့အိမ်ပါပဲ။ အိမ်ပျက်ရင်ပြင်ရမှာအိမ်သားတိုင်းရဲ့တာဝန်ပဲလို့သူသဘောထားပြီးပြန်လာခဲ့တယ်။ သူငယ်ချင်းတွေကတော့ သူ့ ကို တော်တော်မိုက်မဲတာပဲလို့ မြင်ခဲ့ကြတယ်။

နောင်တော့ သူဟာ theParticipatory Development Training Center, PADETC လို့ခေါ်တဲ့ရပ်ရွာဖွံ့ဖြိုးရေးလုပ်တတ်ဖို့လူငယ်တွေကိုပညာပေးတဲ့ကျောင်းကို တည်ထောင်ခဲ့တယ်။ သူထောင်ခဲ့တဲ့ NGO ဟာလည်းလာအိုမှာနှစ်ပေါင်းများစွာတစ်ခုတည်းသော တာရှည်ခံဖွံ့ဖြိုးရေးကိုဆောင်ရွက်တဲ့ NGO  ဖြစ်ခဲ့တယ်။

ဆွန်ဘက်က လာအိုက ဆင်းရဲတဲ့တောနေပြည်သူတွေအကျိုးအတွက် ဆောင်ရွက်တာတွေဟာ အသိအမှတ်ပြုစရာကောင်းတာကြောင့် ၂၀၀၁ ခုနှစ်မှာ United Nations Economic and SocialCommission for Asia and the Pacific( UNESCAP) က လူသားအရင်းအမြစ်
ဖွံ့ဖြိုးရေးဆုကို ပေးအပ်ခဲ့တယ်။

ရပ်ရွာမှ ထူးချွန်တဲ့ဦးဆောင်မှုကိုပေးနိုင်သူဖြစ်တဲ့အတွက်အာရှရဲ့နိုဘယ်ဆုလို့ခေါ်တဲ့ Ramon Magsaysay Award ကို ၂၀၀၅ ခုနှစ်မှာ ချီးမြှင့်ခံခဲ့ရတယ်။ဒါပေမယ့်အာဏာရှင်နဲ့စီးပွားရေးသမားပူးပေါင်းပြီး သယံဇာတတွေကိုထုတ်ယူလိုတဲ့အခါ ဒီလို ရပ်ရွာပြည်သူတွေဘက်က ခုခံကာကွယ်ပြောဆိုပေးတဲ့ ခေါင်းဆောင်တွေဟာ လောဘသားတွေရဲ့စီးပွားရေးလမ်းကြောင်း မှာပိတ်ဆို့နေတဲ့ အတားအဆီး တွေလို့ပဲမြင်သူတွေ မြင်ခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၂ ဒီဇင်ဘာ ၁၅ ရက်နေ့မှာ ညပိုင်းဗီယန်ကျင်းလမ်းမတစ်ခုမှာ ဆွန်ဘက်ရဲ့ဂျစ်ကားကိုအစိုးရလုံခြုံရေးကားတစ်စီးကတားပါတယ်။ စီစီတီဗွီကနေပြန်မြင်ရတဲ့ ဗွီဒီယိုရိုက်ချက်တွေကြောင့် ဒါဟာ ရဲကားပဲလို့လည်းသိကြပါတယ်။ အဲဒီညကတည်းက ဆွန်ဘက်ဟာ အစအနမျှရှာမတွေ့တော့ပါဘူး။

မိသားစုဝင်တွေ၊ တပည့်တွေ၊ပြည်တွင်းပြည်ပမှာရှိကြတဲ့ ဖွံ့ဖြိုးရေးအသိုင်းအဝိုင်းက မိတ်ဆွေတွေ ၊ သံတမန်တွေအားလုံးဟာ သူ့ကို ပြန်လွှတ်ပေးဖို့တောင်းဆိုပါတယ်။ ဒါပေမယ့်လာအိုအစိုးရက ဒါဟာ သူတို့လုပ်တာမဟုတ်ပါဘူး  ပြန်ပေးဆွဲခံရတာပဲဖြစ်မှာပါလို့ပြောပါတယ်။ ဒါပေမယ့်
ဘယ်ပြန်ပေး သမားကမှလည်း မိသားစုထံငွေလာတောင်းတာမရှိပါဘူး။

ယနေ့အထိ ဆွန်ဘက်ဟာသေသည်ရှင်သည် မသိရပါဘူး။ ဘယ်လိုသတင်းစကားမှလည်းမကြားရတာကြောင့် သူ့ကို စိတ်ပူသူများအားလုံးက သူ့ရဲ့လုံခြုံရေးဘယ်လို အခြေအနေရှိတယ် ဆိုတာကိုမပြတ်သတင်းမေးခြင်း၊လာအိုအစိုးရထံအသီးသီးစာရေးခဲ့ကြသော်လည်း ခုချိန်ထိ ဘယ်နည်းနဲ့မှမတုံ့ပြန်ခဲ့ပါဘူး။

စာရေးသတင်းမေးကြသူတွေထဲက ကုလသမဂ္ဂကစလို့ နိုင်ငံတကာNGO အကြီးအကဲတွေပါသလိုနိုင်ငံခြားရေးဝန်ကြီးဌာနများစွာနဲ့တက္ကသိုလ်အသိုင်းအဝိုင်းက ပညာရှင်တွေသြစတြေးလျက ပညာရှင်သုံးဆယ်လောက် စုဝေးလက်မှတ်ထိုးပြီး သူတို့အစိုးရနဲ့ လာအိုအစိုးရထံအိတ်ဖွင့်ပေးစာပို့လို့ ဆွန်ဘက် ပျောက်ဆုံးတာနဲ့ပတ်သက်ပြီးစုံစမ်းအရေးယူပေးဖို့တောင်းဆိုခဲ့ကြပါတယ်။

သူပျောက်ဆုံးပြီးတဲ့နောက်မှာတော့ www.sombath.org ဝက်ဆိုက်မှာ ဆွန်ဘက်နဲ့ပတ်သက် တဲ့စိုးရိမ်စကား တွေမပြတ်တင်ပေးလေ့ရှိပါတယ်။သြစတြေးလျကပညာရှင်များကတော့သူတို့ဟာလူတစ်ယောက်လုံးပျောက်သွားတာနဲ့ပတ်သက်ပြီးဒိထက်ပိုပြီး တိုးတိုးတိတ်တိတ်ကြိုးစားလို့အကြောင်းမထူးတော့ဘူးလို့ဆိုပါတယ်။

လာအိုအစိုးရကိုဆွန်ဘက်ကိစ္စနဲ့ပတ်သက်လို့ ပိုပြီးဖိအားပေးသင့်ပြီလို့တောင်းဆိုထားကြပါတယ်။

အတန်းထဲမှာ စာသင်နေရုံပဲမဟုတ်ဘဲ လူ့အသိုင်းအဝိုင်းအတွက် စိတ်ပူပန်ပေးတဲ့ပညာရှင်တွေဟာလည်း လေးစားစရာပါပဲ။ ဆွန်ဘက်လို အစိုးရရဲ့ ပိုမိုကောင်းမွန်တဲ့စီမံအုပ်ချုပ်မှုကိုတောင်းဆိုသူ၊ တာရှည်ခံဖွံ့ဖြိုးရေးအတွက် လူတိုင်းပါဝင်ဆောင်ရွက်နိုင်ဖို့ဆော်သြသူ၊ လူတစ်စုသာ ချမ်းသာပြီး အများအတွက် ကောင်းကျိုးမဖြစ်တဲ့ ခေတ်မီရေးမော်ဒယ်ကိုလက်မခံသူတစ်ယောက်၊ပြည်တွင်းရော ပြည်ပမှာပါ ၀ိုင်းပြီးလေးစားကြတဲ့သူတစ်ယောက်ဟာ ဒီလို ကြက်ကလေး၊ ငှက်ကလေးပျောက်သလို အစအနပျောက်သွားခြင်းဟာသည်းမခံနိုင်စရာပါပဲ။

ဒီလိုအဖြစ်မျိုးဟာ တည်ငြိမ်တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတွေမှာထက် အာဏာရှင်ဆန်တဲ့၊ ဥပဒေစိုးမိုးမှုမရှိတဲ့ နိုင်ငံမှာဖြစ်လေ့ရှိတဲ့ ကိစ္စမျိုးပါပဲ။ ဆွန်ဘက်ကသူပျောက်ဆုံးမသွားခင် ၂ လကျော်ကျော်လောက်မှာ ဒီမိန့်ခွန်းကို အာရှ -ဥရောပပြည်သူများ ဖိုရမ်မှာပြောခဲ့တာကတော့ …“ယခုကျွန်တော်တို့စားသုံးလိုက်တိုင်း ကမ္ဘာကြီးက ကျွန်တော်တို့အသက်ရှင်ဖို့အတွက်ပြန်ဖြည့်ပေးနိုင်စွမ်းရှိတာရဲ့ ၁၅၀ % လောက်ကို စားသုံးနေကြတာပါ။ ဒီတော့ ကျွန်တော်တို့ဟာ ကမ္ဘာကြီးတစ်ခုနဲ့ တစ်ဝက်တိတိကို လက်ရှိ စားသုံးနေကြတယ်ဆိုတဲ့သဘောပေါ့။

ဒီလိုသာဆိုရင်ကမ္ဘာကြီး ဟာတာရှည် ခံပါ့မလား။ ကျွန်တော်တို့ရဲ့သားသမီးမြေးမြစ်တွေအတွက်ကျွန်တော်တို့ ဘာတွေ ချန်ထားခဲ့ကြမလဲ။ ကျွန်တော်တို့မှာ ကမ္ဘာတွေလည်းအများကြီးမရှိပါဘူး။တစ်ခုတည်းပါ။ဒါပေမယ့် အစိုးရတွေရဲ့ လက်ရှိ ပေါ်လစီတွေက ကမ္ဘာကြီးအခုရသလောက်
အကုန်ထုတ်ပစ်မယ်။ကိုယ်လုပ်ခဲ့သမျှအဆိုးကို လာမည့်မျိုးဆက်က နောက်က လိုက်ရှင်းရတာမျိုးပဲ။

Leave a Reply