အခြေခံ စားသောက်ကုန်ဈေးနှုန်းဂယက်

သြဂုတ်လ မိုးသက်လေးပြင်းများကြား မွန်ပြည်နယ် တစ်ဝန်းနှင့်မော်လမြိုင် မြို့တွင် ရေကြီးရေလျှံခြင်းသတင်းများက သဲ့သဲ့ကြားနေရလေပြီ ။

မိုးသည်းထန်စွာ  ရွာသွန်းခြင်း၊ရေကြီးခြင်းတို့နှင့် အတူ အခြေခံစားသောက်ကုန် ဈေးနှုန်းများ လှုပ်ခတ်ခြင်း က စတင်ခဲ့ လေပြီ။ အိမ်ရှင်များ ၏ညည်းတွားသံကလည်းပိုမိုကျယ်လောင်လာသည်။

“စျေးဝယ်ပြီး ပြန်လာတာနဲ့ စိတ်ညစ်ရပြီး။ ယူသွားရတဲ့ ပိုက်ဆံကနည်းနည်း ကိုယ့်ဝယ်ရမယ့် ပစ္စည်းတွေအတွက်က မလောက်ငှတော့ အဆင်မပြေဘူးပေ့ါ” ဟု အိမ်ရှင်မ တစ်ဦးဖြစ်သည့် ဒေါ်တင်ဇာမော်က ညည်းညူ ပြောဆိုသည်။

ယခင်က ဘဲဥတစ်လုံးကို ၁၀၀ ၊၁၅၀ ကျပ်နီးပါးဖြင့် ပေးဝယ်၍ရသော်လည်း ယခု ရက်ပိုင်းအတွင်း တွင် ဘဲဥတစ်လုံး ၂၅၀ ကျပ်အထိ ဈေးမြင့် တက်သွားခဲ့သည်ဟု သူကဆိုသည်။

“စားသုံးကုန်တွေအကုန်လုံးနီးပါ စျေးတွေ မြင့်တက်နေတာပဲ။ အရင်ကဆီတစ်ထုပ်ကို ၁၁၀၀ ၊ ၁၂၀၀ အခုဆိုရင် ၁၃၅၀ ဖြစ်နေတယ်။ မိသားစုဝင်ငွေနည်းရင် ဘယ်လိုလုပ်ပြီး လောက်ငှတော့မှာလဲ။ ကုန်စျေးနှုန်းတွေ တအားကြီးနေတော့တာ” ဟု အိမ်ရှင်မ တစ်ဦးဖြစ်သည့် မသက်သက်ညိုက ပြောသည်။

အခြေခံစားသောက်ကုန်ဈေးနှုန်းနှင့် နေ့စဉ်ထိပ်တိုက်တွေ့နေသော အိမ်ရှင်မတစ်ဦးအနေဖြင့် ဈေးမသွားချင်လောက်အောင်စိတ်ပျက်မိကြောင်းကို၎င်းက ဆိုသည်။

ကုန်စျေးနှုန်းများ အမြန်ဆုံး ပြန်လည်ကျဆင်းသွားမှသာ လက်လုပ်လက်စားအခြေခံလူတန်းစားများအတွက် အများကြီး သက်သာချောင်လည်သွားမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

“အရင်နှစ်ကဆိုရင် မိသားစု၅ ဦးအတွက် စျေးဖိုး ၃၀၀၀ ဆိုရတယ်။ အခုဆိုရင် ကုန်စျေးနှုန်းမြင့်တက်နေတော့ ၅၀၀၀ လောက်မှ အဆင်ပြေတယ်။ ဆန်တွေကအစ အရင်က တစ်ပြည်ကို ၂၂၀၀ ၊ အခုက ၂၈၀၀ လောက်ဖြစ်နေတာလေ” ဟုအိမ်ရှင်မ တစ်ဦးဖြစ်သူ မသင်းသင်းက ပြောဆိုသည်။

ယခုလတ်တလောဖြစ်ပေါ်နေသည့် ကုန်စျေးမှာ ယခင်နှစ်ကလောက်အခြေအနေထိရောက်ရှိမနေသေး ကြောင်းမြိုင်သာယာရပ်ကွက်တွင် ဟင်းသီးဟင်းရွက်များရောင်းချနေသော ဆိုင်ရှင်တစ်ဦးက ပြောသည်။     “အရင်နှစ်က ဒီအချိန်ဆိုရင် သားငါးတွေနဲ့ ဟင်းသီးဟင်းရွက်စျေးတွေ ဒီထက်ပိုမြင့်တက်တယ်။ အခုကအဲလောက်တောင်မမြင့်တက်သေးဘူး။ နောက် ရက်တစ်ပတ်အတွင်းမှာတော့ ယခင်နှစ်ကလို ပြန်မြင့်တက်လာနိုင်တယ်။ ကုန်ပစ္စည်းတွေ သယ်ယူမှု အခက်အခဲတွေ ဖြစ်မယ်ဆိုရင်ပေါ့” ဟု ၎င်းင်းက ဆိုသည်။

ကုန်စျေးနှုန်း   အပြောင်းအလဲ ဖြစ်ပေါ်နေမှုနှင့် ပတ်သက်၍ မောင်ငံစျေးမှ စျေးဆိုင်ပိုင်ရှင် မသီသီလွင်က လည်း မိုးရာသီတွင် ကုန်သည်များ ဈေးကစားခြင်းကြောင့်ကုန်ဈေးနှုန်း မငြိမ်မသက်ဖြစ်ရကြောင်းပြောဆိုသည်။

“တောင်သူတွေဆီကနေပြီး ကုန်သည်တွေ ချုပ်လိုက်တယ်။ ချုပ်လိုက်တော့ သူတို့လက်ထဲမှာပဲ ပစ္စည်းအဟောင်းရှိတော့တဲ့ အခါကျရင် ကုန်သည်တွေက သူတို့ဘာသာ သူတို့စျေးကစားတယ်” ဟု ရှင်းပြသည်။

မော်လမြိုင်မြို့ ကွင်းရပ်ရပ်ကွက်မှ ကျောင်းဆရာမတစ်ဦးက ယခု လစာနှင့် အသုံးစရိတ်ကို ယခုကဲ့သို့ တွက်ပြသည်။

“အရင်ပိုက်ဆံတွေက တန်ဖိုးရှိတယ်။ တစ်ရာဖိုး ကန်စွန်းရွက်ဝယ်ရင် သုံးစည်းရတယ်။ အခုဆိုလို့ရှိရင် တစ်စည်းတောင် မရချင်ဘူး။ ပစ္စည်းတွေအကုန်လုံးကစျေးတက်နေတယ်။ အစစအရာရာအဆင်မပြေဘူး။ ဝင်ငွေနဲ့ ထွက်ငွေက မမျှနေဘူးပေါ့” ဟု၎င်းက ပြောဆိုသည်။

မိုးရာသီတွင် ရာသီဥတုနှင့်သဘာဝဘေးအန္တရာယ် တချို့ကြောင့်ကုန်ဈေးနှုန်းကြီးမြင့်လေ့ရှိသော်လည်းအစိုးရ ဝန်ထမ်း ကျောင်းဆရာမတစ်ဦးဖြစ်သောကြောင့် ကြိုတင်စုဆောင်းနိုင်ခြင်း မရှိကြောင်း ၎င်းကဆိုသည်။

ကုန်စျေးနှုန်းမြင့်တက်လာမှုနှင့် ပတ်သက်၍ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါ်ကြည်ကြည်မြက “ကုန်သည်တွေက ကုန်စျေးနှုန်းတွေကို တက်လိုက်ပြီး ပြန်ကျဖို့ဆိုတာ ဥပမာ ကုန်ပစ္စည်းတစ်ခုကို ၁၀၀ တက်လိုက်တယ်။ ပြန်ကျရင်လည်း ပုံမှန်စျေးနှုန်းဖြစ်ခဲ့တဲ့အတိုင်းမဟုတ်
တော့ဘဲ တစ်ဆယ့် နှစ်ဆယ်၊ အလွန်ဆုံးမှ သုံးဆယ် လေးဆယ်လောက်ပဲရှိတယ်။ တက်ခဲ့တဲ့ တစ်ရာလုံးကို ပြန်ချပေးတာမှ မဟုတ်တာ။ ဒီကုန်စျေးနှုန်း အခုလိုဖြစ်တာ အစိုးရနဲ့တော့ မဆိုင်ဘူးလို့ ထင်တာပဲ။

အဓိကတော့ ကုန်သည်တွေအပေါ်မှာပဲ မူတည်တယ်လို့မြင်တယ်။ ကုန်သည်တွေက သူတို့ရဲ့အကျိုးအမြတ်ကို လျော့ပေါ့ပြီး ယူမယ်ဆိုရင်တော့ ဒီအခက်အခဲတွေက အဆင်ပြေသွားမှာပါ” ဟု ပြောဆိုသည်။

သို့သော်လည်း အရပ်သားအစိုးရသစ် တက်လာပြီးနောက် ပြည်တွင်းသို့ နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုများဝင်ရောက်လာရန်မျှော်လင့်ထားကြသော်လည်း လက်တွေ့တွင်မူ မျှော်မှန်းသလောက် ဝင်ရောက်လာခြင်း မရှိသေးပေ။

“ဒီကုန်စျေးနှုန်းမြင့်တက်နေတာ အခုမှ မဟုတ်ဘူး။ အရင်နှစ်တွေကလည်း တက်နေတယ်။ မြင့်တက်နေအပေါ်မှာလည်း အစိုးရဘက်က မသိတာမှ မဟုတ်တာ။ သိလည်းသိတယ်။ကြားလည်းကြားတယ်။ မြင်လည်းမြင်နေတာပဲ” ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်မွန်က
ဆိုသည်။

ကုန်စျေးနှုန်းမြင့်တက်နေမှုကို အစိုးရအနေဖြင့်ပြန်လည်သုံးသပ်အဖြေရှာရန် လိုအပ်နေပြီး ကုန်စျေးနှုန်းများ ထပ်မံ မတက်နိုင်အောင်လည်းနေ့စဉ်နှင့် အမျှ အောက်ခြေအထိ ကွင်းဆင်းလေ့လာရန် လိုအပ်ကြောင်း ၎င်းင်းကပြောသည်။

“ဒီကုန်စျေးနှုန်း မြင့်တက်နေတာနဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့အနေနဲ့ အောက်ခြေအထိ ဆင်းပြီး အဖြေရှာဖို့တော့ လိုနေပြီးလို့ မြင်တယ်” ဟုဦးမင်းအောင်မွန်ကအကြံပြုထားသည်။

ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ဆောင်နေသည့် အစိုးရအနေဖြင့် နိုင်ငံစီးပွားရေး တိုးတက်လာစေရန် ငြိမ်းချမ်းရေးဖော်ဆောင်သကဲ့သို့ စီးပွားရေးကိုလည်း စိတ်ပါဝင်စားရန် လိုအပ်သည်ဟု ဦးမင်းအောင်မွန် က ထောက်ပြသည်။

အိမ်နှင့် စားသောက်ဆိုင်အတွက် လိုအပ်သည့်စားသောက်ကုန်သုံးပစ္စည်းများကို နေ့စဉ် စျေးဝယ်နေသည့်ကိုသာချိုက သူ့ရဲ့ တွေ့ကြုံနေသည့် အမြင်ကို အခုလိုရှင်းပြသည်။

“ကုန်စျေးနှုန်းကတော့ ဘာမှမကောင်းဘူး။ အကုန်လုံးတက်ရိပ်မှာ ပြနေတယ်။ ကျရိ်ပ်မှာရှိမနေဘူး။ အခုငါးတွေဆိုရင် မုန်တိုင်းရှိလို့ဆိုပြီး ငါးဖမ်းခွင့် ပိတ်ထားတာ့ ငါးစျေးတွေ တက်တယ်”ဟု ၎င်းင်းက ပြောဆိုသည်။

လက်ရှိအချိန်တွင် နိုင်ငံခြားမှ ဝင်ရောက်လာသော သား၊ ငါးများသာမဟုတ်ဘဲ အသီးအရွက်များကအစ နည်းပညာများ အသုံးပြုထားသည့် အသီးအရွက်များကို ဝယ်ယူစားသုံးနေကြရကြောင်း သူက ဆိုပြန်သည်။

“အသီးအရွက်တွေဆိုရင်လည်း အမှန်မစားရဘူးပေါ့။ ဟိုကလာတဲ့ အရွက်တွေ ဒီကလာတဲ့ အရွက်တွေဝယ်စားနေရတယ်” ဟု ကိုသာချိုကပြောသည်။

ငရုတ်သီး မိုးမျှော်သီး တစ်ဆယ်ကျပ်သားကို ၃၀၀ ကျပ်တန်ရှိသလို တစ်ဆယ်သားကို ၆၀၀ ကျပ်တန်အထိတောင်ပေးဝယ်နေရကြောင်း ၎င်းက ဆိုသည်။

“ဒီလိုကုန်စျေးနှုန်းတွေကြီးနေရတာ ကုန်သည်တွေက သူတို့ရဲ့ ကုန်ပစ္စည်းတွေ သယ်ဆောင်တဲ့နေရာမှာ အခွန်အခတွေနဲ့ ရေတွေကြီးလို့ တစ်ဆင့်ပြီး တစ်ဆင့် သယ်စရိတ်တွေကြောင့်လို့ မြင်တယ်။ နောက်တစ်ခုသီးနှံစိုက်ခင်းတွေ ရေကြီးနစ်မြုပ်မှုလို့လည်းဖြစ်နိုင်တယ်” ဟု ၎င်းက ဆိုသည်။

ခေတ်မင်း

    သြဂုတ်လ ပထမပတ်အတွင်း အခြေခံစားသောက်ကုန်ဈေးနှုန်းများ

  • ဆန် (ရွှေဘို ထူးရှယ်) ၂၄ ပြည်
    တစ်အိတ် ၅၂,၈၀၀ ကျပ်
  • ဆန် (ရွှေဘို) ၂၄ ပြည်
    တစ်အိတ် ၅၁,၆၀၀ ကျပ်
  • ဆန် (ဘန်ကောက်ရှယ်) ၂၄ ပြည်
    တစ်အိတ် ၂၀,၀၀၀
  • ဆီ ၁ ပိဿာ ၁,၇၀၀
    ကြက်သွန်နီ (ကြီး) ၁ ပိဿာ ၉၈၀
  • ကြက်သွန်နီ (သေး) ၁ ပိဿာ ၈၈၀
  • ကြက်သွန်ဖြူ (ကြီး) ၁ ပိဿာ ၃,၈၀၀
  • ကြက်သွန်ဖြူ(သေး)၁ ပိဿာ ၃,၀၀၀
  • အာလူး ၁ ပိဿာ ၁,၀၀၀

Leave a Reply