ထားဝယ်ခရိုင် လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖြန့်ဖြူးရေးတင်ဒါ သြဂုတ် ၂၀ တွင် ဖွင့်ဖောက်မည်

ထားဝယ် သြဂုတ်

ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်း လုပ်ကိုင်ရန် ခေါ်ယူထားသည့် အိတ်ဖွင့်တင်ဒါကို သြဂုတ်၂၀ရက် မွန်းလွဲ ၂ နာရီတွင် ထားဝယ်မြို့ မြို့တော်ခန်းမ၌ တင်ဒါ ဖွင့်ဖေါက်သွားမည်ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရက ပြောကြားသည်။

“ သူတို့(တင်ဒါယှဉ်ပြိုင်ကုမ္ပဏီ)လာတင်ထားတဲ့ အထုပ်ကို သူတို့အရှေ့မှာ ဖောက်မယ်”ဟု ဦးအောင်သူရက ဆိုသည်။

အဆိုပါတင်ဒါကို ရန်ကုန်မြို့အခြေစိုက်ကုမ္ပဏီ ၂ ခုဖြစ်သည့် PETRO AND TRANS COMPANY LIMITED နှင့် STALLAR POWER HOUSE PTE Ltd တို့က လျှောက်လွှာပိတ်ရက်နေ့ဖြစ်သည့် သြဂုတ်လ ၈ ရက်နေ့တွင် တင်ဒါယှဉ်ပြိုင်ရန် လျှောက်ထားသည်ဟု သိရသည်။

ယင်းကုမ္ပဏီများမှ ဆောင်ရွက်မည့် အစီအစဉ်အား သြဂုတ်လ ၂၀ရက်နေ့တွင် တင်ဒါဖွင့်မဖောက်မီ ရှင်းလင်းမည်ဖြစ်ပြီး တင်ဒါကော်မတီနှင့် ယင်းပွဲသို့ တက်ရောက်လာသူများက ကြားနာမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

ယင်းနေ့တွင် အဆိုပါကုမ္ပဏီတို့တင်ပြထားသည့်အချက်အလက်များကို တင်ဒါကော်မတီက အမှတ်ပေးပြီး အမှတ်ဇယားကို တနင်္သာရီတိုင်းဒေသကြီးအစိုးရကက်ဘိနက်အစည်းအဝေးသို့တင်ပြမည်၊ ယင်းကက်ဘိ နက်အစည်းအဝေးမှ လျှပ်စစ်ဓါတ်အား ထုတ်လုပ်ဖြန့်ဖြူးရေးလုပ်ငန်းဆောင်ရွက်မည့် ကုမ္ပဏီအား ရွေးချယ် မည်ဟု ဝန်ကြီးက ဖြည့်စွက်ပြောသည်။

ထားဝယ်ခရိုင်အတွင်း လျှပ်စစ်ဓါတ်အားထုတ်လုပ်ခြင်း၊ ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့သည့် APUကုမ္ပဏီ၊ DDPC ကုမ္ပဏီ၊PTC ကုမ္ပဏီနှင့် ယခုလုပ်ကိုင်နေသော GGSကုမ္ပဏီတို့ တင်ဒါ ဝင်ရောက်ယှဉ်ပြိုင်ခြင်း မရှိပေ။

အိတ်ဖွင့်တင်ဒါ လျှောက်လွှာဝယ်ယူသူ ၂၇ ဦးရှိသည့်အနက်မှ အဆိုပါကုမ္ပဏီ၂ခုက တင်ဒါယှဉ်ပြိုင်ရန် လျှောက်ထားသည်ဟု သိရသည်။

တင့်လွင်

Leave a Reply