Advertisements

ထားဝယ်ဒေသတွင်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးရန် Petro & Trans ကုမ္ပဏီကို ရွေးချယ်

ထားဝယ်၊ စက်တင်ဘာ

ထားဝယ်ခရိုင်အတွင်းလျှပ်စစ်ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းအတွက် Petro  & Trans ကုမ္ပဏီအား ရွေးချယ်လိုက်ကြောင်းစက်တင်ဘာ၃ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးအောင်သူရကပြောကြားသည်။

“အစိုးရအဖွဲ့က ၂၄ ရက်နေ့မှာ ကျင်းပတဲ့ ၁၀ / ၂၀၁၉အစည်းအဝေးမှာအဲဒီဟာကို အတည်ပြု ပေးပါတယ်” ဟု ဦးအောင်သူရက ဆိုသည်။

အဆိုပါဓာတ်အားထုတ်လုပ်ဖြန့်ဖြူးခြင်းလုပ်ငန်းဆောင်ရွက်ရန် တင်ဒါဝင်ရောက်ယှဉ်ပြိုင်သည့် ကုမ္ပဏီ ၂ ခုမှ Petro  &Trans ကို ပထမဦးစားပေးအဖြစ်လည်းကောင်း၊ Stellar Powerhouse Pte.,Ltd အား ဒုတိယဦးစားပေးအဖြစ် လည်းကောင်းတင်ဒါကော်မတီက ရွေးချယ်ပြီး တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့သို့ အစီရင်ခံ တင်ပြခဲ့ရာတိုင်းအစိုးရအဖွဲ့ ကက်ဘိနက်အစည်းအဝေးက အတည်ပြုခဲ့သည်ဟု ဝန်ကြီးက ပြောသည်။

ထားဝယ်မြို့၊ မြို့တော်ခန်းမတွင် သြဂုတ်လ ၂၀ ရက်နေ့ကမီဒီယာနှင့်ပြည်သူများအရှေ့တွင် တင်ဒါဖွင့်ဖောက်ခဲ့၍ ယင်းကုမ္ပဏီများမှ တင်ပြထားသည့်အချက်အလက်များကို သတ်မှတ်ထားသည့် အမှတ်ပေးစည်းမျဉ်းအတိုင်း အမှတ်ပေးခဲ့ကြောင်း ဝန်ကြီးက ဖြည့်စွက်ပြောသည်။

ကုမ္ပဏီ၏ pro file ၊ နည်းပညာပိုင်း၊ အဆိုပြုစျေးနှုန်းတို့ကို အမှတ်ပေးခြင်း ဖြစ်ပြီးStellar Powerhouse Pte.,Ltd  နည်းပညာပိုင်း တင်ပြမှု နည်းခြင်းကြောင့်  အမှတ်နည်းသွားခြင်း ဖြစ်သည်ဟု ဝန်ကြီးထံမှ သိရသည်။

Petro & Trans ကုမ္ပဏီမှလျှပ်စစ်မီတာခ တစ်ယူနစ်လျှင်၂၃၈ ကျပ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးမည်ဟုတင်ဒါယှဉ်ပြိုင်စဉ် အဆိုပြုထားသည်။

ယင်းဓာတ်အားခနှုန်းထားဖြင့် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ ၃လပေးရမည်ဖြစ်ပြီး ၃ လကျော်ချိန်တွင်ငွေလဲနှုန်းထား ( ဒေါ်လာစျေးနှုန်းတက်/ကျ) အပေါ်မူတည််၍ ဓာတ်အားခအပြောင်းအလဲဖြစ်နိုင်သည့် အနေအထား ရှိကြောင်း ဝန်ကြီးက ပြောသည်။

လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်းဖြန့်ဖြူးခြင်း လုပ်ငန်းနှင့်ပတ်သက်၍ တိုင်းဒေသကြီးအစိုးရနှင့် Petro & Transကုမ္ပဏီတို့ သဘောတူစာချုပ်ချုပ်ဆိုရန်အတွက်ကုမ္ပဏီဘက်မှစာချုပ်မူကြမ်းကို တင်ပြလာချိန်တွင် စာချုပ်ကို စိစစ်ရေးအဖွဲ့မှစိစစ်ပြီး ဥပဒေချုပ်ရုံးသို့ပေးပို့ရမည်ဟု သိရသည်။

ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း ဖြန့်ဖြူးခြင်းလုပ်ငန်းကို လုပ်ကိုင်နေသည့် GGS ကုမ္ပဏီအား စက်တင်ဘာလအထိ  လုပ်ကိုင်ခွင့်ပြုထားပြီး စက်တင်ဘာလနှင့် ဒီဇင်ဘာလအထိ ကြားကာလတွင် ဓာတ်အားထုတ်လုပ်ဖြန့်ဖြူးရေး ဆက်လက်လုပ်ကိုင်ရန်အတွက် ယင်းကုမ္ပဏီနှင့်ညှိနှိုင်းနေဆဲဖြစ်ပြီး GGS ကုမ္ပဏီမှ မလုပ်ကိုင်လျှင် Second Plan  ရှိကြောင်း တနင်္သာရီ တိုင်းအစိုးရအဖွဲ့က ပြောဆိုထားသည်။

ယခုအချိန် ထားဝယ်ဒေသတွင် ဓာတ်အား ၁၄ မဂ္ဂခန့််သုံးစွဲလျက်ရှိပြီး အောက်တိုဘာလတွင်  ကျင်းပမည့် ထားဝယ်ရိုးရာသီတင်းကျွတ် မီးထွန်းပွဲတော်တွင်ဓာတ်အားသုံးစွဲလာဦးမည်ဖြစ်သည်။

တင့်လွင်

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်