Advertisements

ဘီလူးကျွန်းရှိ နွားလှည်းအဟောင်းများကို လာရောက်ဝယ်ယူနေ

(၁)နွားဒုန်းပြေးပွဲ မစခင် နွားပိုင်ရှင်း များ က လှည်းတပ်ဆင် ပြင်ဆင်နေကြသည်။

ချောင်းဆုံ၊ စက်တင်ဘာ

ဘီလူးကျွန်းဒေသရှိ နွားလှည်းအဟောင်းများကို ပြင်ပဒေသများက လာရောက် ဝယ်ယူနေကြောင်း ဒေသခံများထံမှ သိရသည်။

ဒေသတွင်းလယ်သမားအများစုမှာ စက်မှုလယ်ယာစနစ်ဖြင့် လုပ်ငန်းများ လုပ်ကိုင်နေပြီး ကတ္တရာလမ်း ၊ ကွန်ကရစ်လမ်းများပေါ်တွင်နွားလှည်းများကို အသုံးပြုရန်အဆင်မပြေတော့၍ နွားလှည်း အဟောင်းများကို ရောင်းချရခြင်း ဖြစ်ကြောင်း လယ်သမားများကဆိုသည်။

“အရင်ကဆိုရင် လယ်ယာထွက်ကုန်ပစ္စည်းတွေ တင်ဆောင်တာတွေနဲ့ ဒေသတွင်းဆက်သွယ်သွားလာတဲ့ နေရာတွေမှာ နွားလှည်းတွေကို မဖြစ်မနေ အသုံးပြုခဲ့ကြပေမဲ့အခု
တော့အသုံးပြုဖို့ မလိုတော့ဘူး။ လယ်သမားအများစုက စက်တွေကို အသုံးပြုလာတယ်။ နွားတွေကိုလည်း မခိုင်းကြတော့ဘူး။ မွေးမြူတဲ့သူတွေလည်းနည်းလာတယ်” ဟု ကော့မုပွန်ကျေးရွာလယ်ကွင်းက ဦးသားငယ်က ဆိုသည်။ လယ်သမားနေအိမ်များတွင် အသုံးမပြုတော့၍ အပိုဖြစ်နေသော နွားလှည်းများကိုတစ်စစီ ဖြုတ်သိမ်းထားရကြောင်းနှင့်မရောင်းချဘဲထားလျှင်လည်း ဟောင်းနွမ်းဆွေးမြည့်ပျက်စီးသွားမည်ဖြစ်၍ ရောင်းချရခြင်း ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောသည်။

“ဒီအတိုင်းထားလို့ကြာရင် ပျက်စီးသွားမဲ့အတူတူ ဝယ်တဲ့လူရှိတုန်းရောင်းလိုက်တယ်၊ နွားလှည်းဈေးက အရည်အသွေးပေါ် မူတည်ပြီး ဝယ်သူက ဈေးဖြတ်တယ်”ဟု လယ်သမားဦးစံရွှေက ဆိုသည်။ လှည်းတံ၊ လှည်းဘီး၊ လှည်းဝင်ရိုး၊ လှည်းအိမ် အပြည့်အစုံရှိ လှည်းတစ်စီးကို အနိမ့်ဆုံး ကျပ် ၃၀၀၀၀ မှအမြင့်ဆုံး ကျပ်တစ်သိန်းထိ ပေါက်ဈေးရှိကြောင်းနှင့်ပစ္စည်းတစ်ခုချင်းလည်းရောင်းဝယ်နိုင်ကြောင်း လာရောက်ဝယ်ယူသူများက ဆိုသည်။

နွားလှည်းဟောင်းများကို၊ မြဝတီနှင့်ပြင်ဦးလွင်မြို့များကိုတင်ပို့ရန် ဝယ်ယူခြင်း ဖြစ်ကြောင်း၊ ခြံစည်းရိုးနှင့် စား သောက်ဆိုင်တို့တွင်ပြန်လည်အသုံးပြုနိုင်ကြောင်း ဒေသခံ ဦးသားသားက ဆိုသည်။

ရှေးက နွားလှည်းများကို တာရှည်အသုံးပြုနိုင်ရန်နှင့် ပေါ့ပါးခိုင်ခန့်စေရန်နွားလှည်းဘီးများကို ကျွန်းသစ်များဖြင့်ပြုလုပ်ကြကြောင်းနှင့် ယခုအခါဒေသတွင် အသုံးပြုသူ အလွန်ရှားပါးလာ၍ နွားလှည်းလုပ်ငန်းလုပ်ကိုင်သူများပင်မရှိတော့ကြောင်း ဒေသခံများက တစ်ဆင့်သိရသည်။

လွတ်လပ်မောင်(ယက္ခမြေ)

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်