Advertisements

ခိုးမှုများ မကြာခဏဖြစ်ပွားနေမှုကြောင့် လုံခြုံရေးတိုးမြှင့် ဆောင်ရွက်နေဟု ဆို

မော်လမြိုင်၊ စက်တင်ဘာ ၆

မော်လမြိုင်မြို့ပေါ်တွင် ဆိုင်ကယ်ခိုးယူမှုများအပြင် အခြားဒုစရိုက်မှုများ မကြာခဏဖြစ်ပွားနေမှုကြောင့် ရဲတပ်ဖွဲ့ဝင်များအနေဖြင့် လုံခြုံရေးကို တိုးမြှင့်ချထားဆောင်ရွက်ထားကြောင်း မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး မျိုးညီညီက ပြောကြားသည်။

“အခုက ဆိုင်ကယ်ခိုးမှု ခဏခဏဖြစ်နေတယ်။ ခိုးတဲ့သူခိုးတွေကလည်း နည်းမျိုးစုံနဲ့ လိုက်လံခိုးယူနေတာဖြစ်တဲ့အတွက် ရဲတပ်ဖွဲ့ဝင်တွေကို နေ့ည တာဝန်ခွဲပြီး ပြည်သူတွေရဲ့ ပစ္စည်းဥစ္စာ လုံခြုံရေးချရစေဖို့အတွက် လှည့်ကင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်” ဟု ရဲမှူး မျိုးညီညီက ပြောသည်။

မော်လမြိုင်မြို့ရှိ ပြည်သူလူထုများအတွက် လုံခြုံရေးလှည့်ကင်းများကို ဒုစရိုက်မဖြစ်အောင် ကြိုတင်ကာကွယ်အသိပေးဆောင်ရွက်ရန် အဖွဲ့တစ်ဖွဲ့နှင့် ဒုစရိုက်မှုကျူးလွန်သူများကို စုံစမ်းဖော်ထုတ်ဖမ်းဆီးရန်အတွက် အဖွဲ့တစ်ဖွဲ့ ကို တာဝန်ခွဲဝေ ပေးအပ်ထားသည့်အပြင် လုံခြုံ ရေး CCTV ကင်မရာများကိုလည်း ဝယ်ယူထားပြီး လိုက်လံတပ်ဆင်သွားမည်ဖြစ်ကြောင်း မော်လမြိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး က ပြောဆိုသည်။

လက်ရှိအချိန်တွင် မော်လမြိုင်မြို့၊ မြို့မရဲစခန်းတွင် ဆိုင်ကယ်ခိုးယူမှု ၁ မှု၊ မုပွန်နယ်မြေရဲစခန်းတွင် ဆိုင်ကယ်ခိုးယူ ၂ မှုနှင့် ဒိုင်းဝန်ကွင်းနယ်မြေရဲစခန်းတွင် ၁ မှုတို့ကို ဖမ်းဆီးအမှုဖွင့် အရေးယူဆောင်ရွက်လျက်ပြီး ၎င်းဆိုင်ကယ်ခိုးယူသူများကိုလည်း အသေးစိတ်ထပ်မံစစ်ဆေး၍ ကျန်ရှိနေသေးသည့် ခိုးမှုများနှင့် ဒုစရိုက်မှုလုပ်ငန်းများကို စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း ရဲမှူး မျိုးညီညီက ထပ်လောင်းပြောသည်။

မွန်ပြည်နယ်တွင် ယခုနှစ်အတွင်း သဘာဝဘေးကျရောက်ပြီး မိုးသည်းထန်စွာ အဆက်အပြတ်ရွာသွန်း၍ ရေကြီးကာ လေပြင်တိုက်ခတ်မှုများကြောင့် နေအိမ်များထိခိုက်ပျက်စီးခြင်း၊ သစ်ပင်များပြိုလဲကျမှုကြောင့် လမ်းပိတ်ဆို့မှုများ မဖြစ်ပေါ်စေရေးအတွက် မိမိတို့ရဲတပ်ဖွဲ့ဝင်များအနေဖြင့်လည်း အခြားဌာနဆိုင်ရာအဖွဲ့အစည်းများနှင့်အတူ ဝိုင်းဝန်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းက ဆိုသည်။

ခေတ်မင်း

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်