Advertisements

ဝင်းနှင့်ဇော်လွတ်မြောက်ရေး အာဆီယံ အရပ်ဘက်အစည်းအဝေးတွင် လက်မှတ်ကောက်

သေဒဏ်ချခံထားရသော မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး “ဝင်းနှင့်ဇော်” လွတ်မြောက်ရေးအတွက် လက်မှတ်ကောက်ခံသည့် လှုပ်ရှားမှုကို အာဆီယံ အရပ်ဘက်အဖွဲ့အစည်းများ ညီလာခံ (ASEAN Civil Society Conference/ ASEAN People’s Forum 2019) ၌ မြန်မာအရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များက ပြုလုပ်ခဲ့ကြသည်။

အာဆီယံနိုင်ငံအသီးသီးမှ အရပ်ဘက်အဖွဲ့အစည်းများ စုဝေးပြီး ဒေသတွင်းကိစ္စများ ဆွေးနွေးမည့် ယင်းညီလာခံကို ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့၊ Thammasat တက္ကသိုလ်တွင် ယခုလ ၁၀ရက်နေ့မှ ၁၂ရက်နေ့အထိ ကျင်းပနေခြင်းဖြစ်သည်။ အဆိုပါ ဖိုရမ်ကို အရှေ့တောင်အာရှဒေသ ၁၁ နိုင်ငံမှ လူပေါင်း ၁၀ဝ၀ ကျော် တက်ရောက်နေပြီး မြန်မာနိုင်ငံမှလည်း အရပ်ဘက်အဖွဲ့အစည်း ၁၈ ဖွဲ့ တက်ရောက်သည်။

အစည်းအဝေးကာလအတွင်း ကောက်ခံရရှိသည့် လက်မှတ်များကို ထိုင်းဘုရင့်တော်ဝင်မိသားစုထံ ပေးပို့သွားမည် ဖြစ်ကြောင်း လက်မှတ်ကောက်ယူရေး ဦးဆောင်စီစဉ်သူများက ဆိုသည်။

ရွှေ့ပြောင်းအလုပ်သမားများအရေးမှာ ဒေသတွင်း၌လည်း အရေးကြီးကိစ္စရပ်တစ်ခုဖြစ်ပြီး အာဆီယံ အရပ်ဘက်အဖွဲ့အစည်းများ တွေ့ဆုံချိန်တွင် မြန်မာရွှေ့ပြောင်းလုပ်သားနှစ်ဦး၏အကြောင်းကို အာရုံစိုက်လာရန် လုပ်ဆောင်ခြင်းဖြစ်ကြောင်း”ညီမျှခြင်းမြန်မာ” အဖွဲ့အစည်း၏ အမှုဆောင်ဒါရိုက်တာ ဦးအောင်မျိုးမင်းက ဆိုသည်။

“ရွှေ့ပြောင်းအလုပ်သမားပဲဖြစ်ဖြစ် တရားမဝင် ဝင်လာတဲ့သူပဲဖြစ်ဖြစ် တရားဥပဒေက လူတိုင်းအတွက် ဖြစ်တယ်ဆိုတဲ့ အကြောင်းအရာတွေကို ကျွန်တော်တို့ (မီးမောင်းထိုး) ပြချင်ပါတယ်။ (ထိုင်း) ဘုရင်မင်းမြတ်အနေနဲ့ သူ့ရဲ့ ဆင်ခြင်တုံတရားနဲ့ သူ့ရဲ့မှန်ကန်တဲ့ ဆုံးဖြတ်ချက်နဲ့ ဒီဟာကို ပြန်လည်စဉ်းစားမယ်လို့ မျှော်လင့်ပါတယ်” ဟု ဦးအောင်မျိုးမင်းက Myanmar Now ကို ပြောသည်။

သေဒဏ်ချခံထားရသည့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့ လွတ်မြောက်ရေးအတွက် မြန်မာအစိုးရက ထိုင်းဘုရင်ထံ မေတ္တာရပ်ခံ တောင်းဆိုသွားရန် စီစဉ်နေကြောင်း အစိုးရအဖွဲ့က ပြောဆိုထားသလို၊ ဝင်းနှင့်ဇော်၏ သေဒဏ်ကို သက်ညှာပေးရန် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ထိုင်းဝန်ကြီးချုပ်ကို တိုက်တွန်ထားကြောင်း တပ်မတော်က ထုတ်ပြန်ထားသည်။

၂၀၁၄ နှစ်ကုန်ပိုင်းက ထိုင်းနိုင်ငံ ကော့တောင် (လိပ်ကျွန်း) ဗြိတိန် ခရီးသွားစုံတွဲ မစ္စတာဒေးဗစ်မီလာ (၂၄ နှစ်) နှင့် မစ္စ ဟာနာ ဝစ်ထာရစ် (၂၃ နှစ်) တို့အား သတ်ဖြတ်မှု၊ အမျိုးသမီးငယ်အား မုဒိန်းကျင့်သတ်ဖြတ်မှု အပါအဝင် ပုဒ်မ ၇ ခုဖြင့် ကိုဝင်းဇော်ထွန်းနှင့် ကိုဇော်လင်းတို့အား ၂၀၁၅ ဒီဇင်ဘာလအတွင်းက ကော်စမွီခရိုင်တရားရုံးက သေဒဏ် ချမှတ်ခဲ့ခြင်းဖြစ်သည်။

အစပိုင်းတွင် လူသတ်၊ မုဒိန်းကျင့်ခဲ့ကြောင်း ၎င်းတို့က ဝန်ခံခဲ့သော်လည်း နောက်ပိုင်းတွင် ထိုင်းရဲက ညှဉ်းပန်းနှိပ်စက်ပြီး အတင်းအကျပ် ဝန်ခံခိုင်းခဲ့ကြောင်း မြန်မာလုပ်သားများက ထုတ်ဖော်ပြောဆိုခဲ့သည်။

၎င်းတို့သည် အပြစ်မရှိကြောင်း အယူခံအဆင့်ဆင့် တက်လာခဲ့ရာ နောက်ဆုံးတွင် အဆင့်မြင့်ဆုံးတရားရုံး ဖြစ်သည့် ထိုင်းတရားရုံးချုပ်က ဩဂုတ်လ ၂၉ ရက်နေ့တွင် အယူခံကို ပယ်ချခဲ့ခြင်းဖြစ်သည်။ တရားရုံးချုပ်တွင် အယူခံရှုံးနိမ့်ပြီးနောက် မြန်မာလုပ်သားများသည် နောက်ဆုံးအဆင့်အဖြစ် ထိုင်းဘုရင်ထံ အသနားခံရန်သာ ကျန်ရှိတော့သည်။

 

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်