Advertisements

ဗစ်တိုးရီးယားကိုယ်တိုင်ထွက်ဆိုသည့်တရားခွင်

Myanmar Now

နေပြည်တော် – ဗစ်တိုးရီးယားကိုယ်တိုင်ထွက်ဆိုသည့် ယနေ့တရားခွင်ကို ဝင်ရောက်နားထောင်ရန် နေပြည်တော်၊ ဒက္ခိဏခရိုင်တရားရုံးသို့ လူ ၅၀ ကျော် လာရောက်စောင့်ဆိုင်းနေသော်လည်း ဝင်ခွင့်မရဘဲ ကလေးမိဘ၊ နှစ်ဖက်ရှေ့နေများ၊ မေးခွန်းများကို ကလေးငယ် နားလည်နိုင်မည့်ပုံစံဖြင့် ထပ်ဆင့်မေးမြန်းပေးမည့် တရားရေးဆိုင်ရာ အမျိုးသမီးအရာထမ်းတစ်ဦးသာ တရားခွင်သို့ ဝင်ရောက်နားထောင်ခွင့်ရခဲ့သည်။

ကလေးငယ်၏အခွင့်အရေးကို ကာကွယ်သည့်အနေဖြင့် အမည်ရင်းကိုဖုံးကွယ်ပြီး ‘ဗစ်တိုးရီးယား’ ဟု အများစုက ခေါ်ကြသည့် ကလေးငယ်သည် တရားလိုပြသက်သေအဖြစ် ယနေ့ လာရောက် ထွက်ဆိုခဲ့ခြင်းဖြစ်သည်။ နေပြည်တော် သပြေကုန်း Wisdom Hill မှ အသက် သုံးနှစ်ပင် မပြည့်သေးသော မူကြိုကျောင်းသူ ဗစ်တိုးရီးယားလေးသည် မေလအတွင်းက အဓမ္မပြုကျင့်ခံခဲ့ရကြောင်း ဆေးစစ်ချက်များက အတည်ပြုခဲ့ထားခြင်းဖြစ်သည်။

ကုလသမဂ္ဂကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ (UNICEF)၏ အကူအညီဖြင့် ကလေးငယ်အတွက် ပျော်ရွှင်ဖွယ်ရာများ စီစဉ်ပေးထားသည့် သီးသန့်ခန်းမှတစ်ဆင့် Video Conferencing ပုံစံဖြင့် ဗစ်တိုးရီးယားက တရားခွင်သို့ တိုက်ရိုက်ထွက်ဆိုခဲ့ခြင်းဖြစ်ပြီးတရားခွင်အတွင်း ဗစ်တိုးရီးယားလေးတစ်ယောက် ပျော်ပျော်ရွှင်ရွှင်ရှိခဲ့ကြောင်း တရားလို၊တရားခံ နှစ်ဖက်ရှေ့နေများက ပြောကြသည်။

“တစ်ခုမှန်လိုက် အရုပ်တစ်ခုပေးလိုက်နဲ့ဆိုတော့ အရမ်းပျော်သွားတာပေါ့ ကလေးက” ဟု ဗစ်တိုးရီးယားဖက်မှ တရားလွှတ်တော်ရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်နေသည့် ဒေါ်ရွက်နုအောင်က ပြောသည်။

ဗစ်တိုးရီးယား၏ မှန်ကန်စွာထွက်ဆိုနိုင်စွမ်းကို အကဲခတ်နိုင်ရန် ကိန်းဂဏန်းများ၊ အရောင်များဖြေဆိုခိုင်းခြင်းများ ပြုလုပ်ခဲ့သေးသည်ဟု နှစ်ဖက်ရှေ့နေများက ပြောကြသည်။

“မှန်အောင် အကုန်ဖြေနိုင်တယ်၊ အံ့ဩစရာကောင်းပါတယ်” ဟု ဒေါ်ရွက်နုအောင်က မှတ်ချက်ပြု၏။

ဘာတွေထွက်ဆိုခဲ့လဲ

ဗစ်တိုးရီးယားဖခင်က တရားရုံးသို့ သက်သေခံအဖြစ် တင်သွင်းထားသည့် မိုဘိုင်းဖုန်းအတွင်းပါဝင်သော ဗီဒီယို ဖိုင်နှစ်ခု၊ ရဲတပ်ဖွဲ့ကိုယ်တိုင် သက်သေခံအဖြစ် တင်သွင်းထားသည့် ဗီဒီယိုဖိုင်တစ်ခုတို့တွင် ပါရှိသည်များကို ဓာတ်ပုံ ၆ ပုံထုတ်၍ မေးမြန်းသည်ဟု နှစ်ဖက်ရှေ့နေများထံမှ သိရသည်။

သံသယတရားခံအဖြစ် တရားရင်ဆိုင်နေရသည့် အောင်ကြီးပါဝင်သည့် ဓာတ်ပုံကို ပြသည့်အခါကလေးမလေးက “ဒါကိုမသိဘူး၊ ဒီလူကိုမသိဘူးပေါ့ သူပြောတယ်” ဟု ဖြေကြားခဲ့သည်ဟုဒေါ်ရွက်နုအောင်က ပြန်ပြောင်းပြောပြသည်။

ထို့အတူ သက်လတ်ပိုင်းအမျိုးသမီးတစ်ဦးပါသည့်ပုံကိုလည်း ဗစ်တိုးရီးယားက မသိကြောင်းပြောခဲ့သည့်ဟု အောင်ကြီးဖက်မှ လိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောသည်။

အမျိုးသားငယ်နှစ်ဦးပါဝင်သည့် ဓာတ်ပုံများနှင့် ပတ်သက်၍

“ကိုကိုအငယ်က သူ့ရင်ဘတ်တွေကို ထုတယ်၊ ကိုကိုအကြီးကတော့ သူ့ရဲ့ ဖင်ဘုကို စိတ်တယ်လို့ ကလေးလေးက ထွက်ဆိုသွားတယ်”ဟု ဒေါ်ရွက်နုအောင် ကပြောသည်။

ထို့အတူ Wisdom Hill မူကြိုကျောင်းဆရာမတစ်ဦး ပါဝင်သည့်ပုံကိုလည်း “ဆရာမနှင်းနုကသူ့ရဲ့ဖင်ဖုကို ရေဆေးပေးတယ်။ ဘယ်နေရာဆိုတာကအစ ကလေးက လက်နဲ့ပြနိုင်တယ်”ဟု၎င်းက ဆက်ပြောသည်။

အထက်ပါ တရားခွင်အတွင်း ဗစ်တိုးရီးယား၏ ထိုသို့ထွက်ဆိုမှုများကို တရားခံပြသက်သေအဖြစ် တင်သွင်းနိုင်ရေး ကြိုးပမ်းရာတွင် ဥပဒေအရာရှိက ကန့်ကွက်ခဲ့ကြောင်း ဦးခင်မောင်ဇော်က ပြောသည်။

“ဥပဒေအရာရှိက ထင်လည်းထင်ရှားပြီးသားပါလို့ပြောပြီး ကန့်ကွက်တာပါ။ ရုံးတော်ကတော့အမှုတွဲထဲမှာ တွဲထားမယ်၊ အမိန့်ချတဲ့အခါမှာ ထည့်သွင်းစဉ်းစားမယ်လို့ ပြောပါတယ်”ဟု ၎င်းက ဆိုသည်။

တရားခွင်အတွင်းဆောင်ရွက်ချက်များနှင့်ပတ်သက်၍ ဥပဒေအရာရှိ ဦးကျော်မင်းအောင်ထံMyanmar Now က မှတ်ချက်တောင်းခံသည့်အခါ “အမှန်တရားအတွက် ပူးပေါင်းလုပ်ဆောင်နေပါတယ်လို့ပဲ ပြောချင်ပါတယ်” ဟု ၎င်းက ပြောသည်။

ဘာဆက်ဖြစ်မှာလဲ

ယနေ့ တရားခွင်အပြီးတွင် ရှေ့နေ ဦးခင်မောင်ဇော်က စစ်ဆေးပြီးစီးခဲ့သမျှ တရားလိုပြအဓိကသက်သေသုံးဦးစလုံးသည် သူ၏အမှုသည် အောင်ကြီးနှင့်ပတ်သက်၍ မည်သည့်အချက်မျှ ထိတွေ့မသွားခဲ့သော်လည်း စောင့်ကြည့်ရဦးမည်ဖြစ်ကြောင်း ပြောသည်။ သို့သော် အမှုမှန်ပေါ်ပေါက်ရေးအတွက် ယုံကြည်ချက်ခိုင်ခိုင်မာရှိကြောင်း Myanmar Now ကို ၎င်းက ဆက်ပြောသည်။

“အမှန်တရားဆိုတာက အစကတည်းက အစောကြီးပေါ်နေတဲ့ကိစ္စပါ။ ကျွန်တော်တို့က ပိုထင်ရှားအောင် ဝင်ပါပြီး မီးမောင်းထိုးပြတဲ့သဘောပါဗျာ” ဟု ဦးခင်မောင်ဇော်က ဆိုသည်။

အဓိကသက်သေဖြစ်သည့် ကလေးငယ်၏ ထွက်ဆိုနိုင်မှုအပေါ် ရုံးတော်ကပင် အံ့ဩတကြီး ဖြစ်ခဲ့ကြကြောင်း ဗစ်တိုးရီးယားဘက်မှ ရှေ့နေ ဒေါ်ရွက်နုအောင်က ပြောသည်။

အမှုမှန်ပေါ်ပေါက်ရေးကို ဦးတည်ဆောင်ရွက်မည်ဟု ကြွေးကြော်ထားပြီးဖြစ်သည့် ၎င်းက “ဒီကနေ့အနေအထားကို ကြည့်လိုက်တာနဲ့ ကျွန်မတို့အတွက် တရားစီရင်ရေးမဏ္ဍိုင်ဟာ လုံး၀အားကိုးစရာ တစ်ခုလို့ အားလုံးပြီးသွားတဲ့အချိန်မှာ ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ပါတယ်” ဟု ဆိုသည်။

တရားခွင်အတွင်းထွက်ဆိုပြီးသမျှပေါ် မူတည်၍ ထူးခြားမှုတစ်စုံတရာ ရှိလာနိုင်မည်လားဟူသော မေးခွန်းကိုမူ ဒေါ်ရွက်နုအောင်က “ရုံးတော်ကနေပြီး ဆက်ပြီးသွားရမယ့်လမ်းကြောင်းတွေ ရှိလာဦးမှာပါ” ဟု မှတ်ချက်ပြု၏။

ဗစ်တိုးရီးယားအမှုအတွက် ခုနစ်ကြိမ်မြောက်ရုံးချိန်းကို လာမည့် စက်တင်ဘာ ၂၄ ရက်သို့ ချိန်းဆိုထားပြီး ရဲတပ်ဖွဲ့၏ ရှာဖွေပုံစံတွင် ပါဝင်သည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရဲအရာရှိ စသူတို့ကိုစစ်ဆေးရန်ရှိသည်။

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်