Advertisements

ဦးအေးလွင်ပါတီ အပါအဝင် နိုင်ငံရေးပါတီသုံးခု လုပ်ငန်းယာယီရပ်ဆိုင်းခံထားရ

Myanmar Now

ဘဏ္ဍာငွေစာရင်း တင်ပြမှုမရှိခြင်း၊ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်ရာတွင် အငြင်းပွားနေခြင်းတို့ကြောင့် ဦးအေးလွင်ပါတီ အပါအဝင် နိုင်ငံရေးပါတီသုံးခုကို ၂၀၂၀ ပြည့်နှစ်အထိ လုပ်ငန်းများ ယာယီရပ်ဆိုင်းထားသည်ဟု ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်နိုင်က Myanmar Now ကို ပြောသည်။

‘’ဆောင်ရွက်စရာရှိတာတွေကို ဒီအတောအတွင်း (ယာယီရပ်ဆိုင်းထားတဲ့ကာလ) မှာ ပြီးမြောက်အောင် ဆောင်ရွက်နိုင်ခဲ့တယ်ဆိုရင်တော့ဖြင့် ပြန်ပြီးတော့စည်းရုံးနိုင်ပါတယ်” ဟု ၎င်းက ပြောသည်။

ပါတီလုပ်ငန်း ယာယီရပ်ဆိုင်းခံရသည့် သုံးပါတီတွင် ဦးအေးလွင် တည်ထောင်ထားသော ပါတီနှင့် သူ၏ညီ ဦးရဲထွန်းတို့ တည်ထောင်ထားသော ပါတီတို့လည်း ပါဝင်သည်။

ဦးအေးလွင်၏ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီသည် ပါတီပိုင်ပစ္စည်းများနှင့် ပါတီရန်ပုံငွေစာရင်းဇယားများကို ဥပဒေနှင့်အညီ မှန်ကန်စွာရေးဆွဲ တင်ပြပေးရန် ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားထားသော်လည်း ယနေ့အထိ ဆောင်ရွက်မှုမရှိသေးသဖြင့် ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၄ ရက်နေ့အထိ ယာယီရပ်ဆိုင်းထားကြောင်း ဦးမြင့်နိုင်က ဆိုသည်။

ဦးအေးလွင်၏ညီ ဦးရဲထွန်း တည်ထောင်ထားသော ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီမှာလည်း စည်းမျဉ်းစည်းကမ်းများနှင့်အညီ ဘဏ္ဍာငွေကိစ္စများ တင်ပြနိုင်ခြင်း မရှိ၍ ဆောင်ရွက်ရန် ညွှန်ကြားထားရကြောင်း ၎င်းက ပြောသည်။

“ငွေစာရင်း စနစ်တကျ ရေးဆွဲတင်ပြမှုမရှိလို့ တင်ပြဖို့ ပြောထားတယ်။ ဒီကနေ့အထိတော့ တင်ပြနိုင်ခြင်း မရှိသေးဘူး” ဟု ဦးမြင့်နိုင်က ဆိုသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ပါတီတစ်ခုသည် နှစ်စဉ်ဘဏ္ဍာရေးရှင်းတမ်း၊ ပါတီပိုင်ပစ္စည်းစာရင်းတို့ကို ပြုစု၍ သက်ဆိုင်ရာပါတီ၏ စည်းမျဉ်းနှင့်အညီ အတည်ပြုချက် ရယူထားရန်၊ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ စစ်ဆေးမှုကို ခံယူရန် တာဝန်ရှိကြောင်း ဖော်ပြထားသည်။

၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ) ပါတီ ဒုတိယဥက္ကဋ္ဌ ဦးသန်းဦးက ၎င်းတို့အနေဖြင့် ရန်ကုန်တိုင်း ရွေးကောက်ပွဲကော်မရှင်တွင် ဘဏ္ဍာငွေစာရင်းဇယားများကို ရှင်းပေးထားပြီးဖြစ်ကြောင်း၊ သို့သော် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မလုံလောက်သေးဟုဆိုကာ ရပ်ဆိုင်းထားဆဲဖြစ်ကြောင်း Myanmar Now သို့ ပြောသည်။

သို့သော် ဦးမြင့်နိုင်က ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီသည် ကော်မရှင်ဘက်က ညွှန်ကြားသည့်အတိုင်း ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသေးခြင်းကြောင့် ယာယီရပ်ဆိုင်းရခြင်း ဖြစ်သည်ဟု ဆိုသည်။

“တင်ပြလာခြင်း မရှိသေးတဲ့အတွက် ယာယီရပ်ဆိုင်းထားတဲ့ ကာလပဲ ရှိပါသေးတယ်” ဟု ဦးမြင့်နိုင်က ပြောသည်။

၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)ပါတီဥက္ကဋ္ဌ ဦးရဲထွန်းကမူ ၎င်းတို့ပါတီအား ရပ်ဆိုင်းရခြင်းသည် နိုင်ငံရေးအရ တိုက်ခိုက်မှုဖြစ်သည်ဟု စွပ်စွဲပြောဆိုသည်။

၎င်းတို့ပါတီအား ဘဏ္ဍာငွေဆိုင်ရာကိစ္စနှင့်ပတ်သက်၍ နိုင်ငံရေးပါတီ ခြောက်ခုက ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားထားသည်ဟုလည်း ပြောဆိုသည်။

“ကော်မရှင်က သူတို့သဘောနဲ့သူတို့ ဆိုင်းငံ့တာ။ အဓိကရည်ရွယ်ချက်ကတော့ နိုင်ငံရေးအရ လုပ်တာပါပဲဗျာ။ NLD (အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)က အာဏာရနေတဲ့အချိန်မှာ NLD အလိုကျ ကော်မရှင်ကလည်း ရွေးကောက်ပွဲမှာ NLDနဲ့ အဓိကအတိုက်ခံ ဖြစ်လာမယ့် ပါတီတွေကို တားတာပါပဲ” ဟု ဦးရဲထွန်းက ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ပြောခွင့်ရပုဂ္ဂိုလ် ဦးမြင့်နိုင်ကမူ ကော်မရှင်ကို တိုက်ရိုက်ပြောဆိုခြင်း မဟုတ်သည့်အတွက် ဦးရဲထွန်း၏ပြောဆိုမှုအပေါ် တုံ့ပြန်ပြောဆိုရန် မရှိကြောင်းသာ ပြန်လည်ဖြေကြားသည်။

ယင်းအပြင် ပြည်သူ့ဒီမိုကရေစီပါတီမှာလည်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ ရွေးချယ်မှုနှင့်ပတ်သက်၍ အငြင်းပွားမှုများရှိနေကြောင်း၊ ပါတီဖွဲ့စည်းပုံနှင့်အညီ ရွေးကောက်တင်မြှောက်ခြင်း လုပ်ငန်းများ ပြန်လည်လုပ်ဆောင်ရန် ညွှန်ကြားထားကြောင်း ဦးမြင့်နိုင်က ပြောသည်။

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် ဝက်ဘ်ဆိုက်တွင် ပါတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးအမည်ပင် ထည့်သွင်းထုတ်ပြန်ထားခြင်း မတွေ့ရသည့် ပြည်သူ့ဒီမိုက‌ရေစီပါတီမှာ ၂၀၁၁ ခုနှစ် စက်တင်ဘာလတွင် ပါတီမှတ်ပုံတင်ခွင့် စတင်ရရှိခဲ့ပြီး မန္တ‌လေးမြို့အခြေစိုက်ပါတီဖြစ်သည်။

ပြည့်သူ့ဒီမိုကရေစီပါတီသည် ပါတီအငြင်းပွားမှုကို ပြေလည်အောင်ဖြေရှင်းရန်နှင့် ပါတီဖွဲ့စည်းပုံနှင့်အညီ ညီလာခံမှတစ်ဆင့် ဥက္ကဋ္ဌတစ်ဦးကို ရွေးချယ်တင်ပြရမည်ဟု ရွေးကောက်ပွဲကော်မရှင်က ညွန်ကြားထားသော်လည်း ယနေ့အထိ ပြီးပြတ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် ၂၀၂၀ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့အထိ ယာယီရပ်ဆိုင်းထားသည်ဟု ဦးမြင့်နိုင်ကပြောသည်။

အဆိုပါ နိုင်ငံရေးပါတီများနည်းတူ ပါတီလုပ်ငန်းများဆောင်ရွက်ခွင့် သုံးနှစ်အထိ ယာယီရပ်ဆိုင်းခံရဖူးသည့် အမျိုးသားညီညွှတ်ရေးကွန်ဂရက်ပါတီသည် ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားချက်အတိုင်း ပြီးပြတ်အောင် ဆောင်ရွက်ပြီးသောကြောင့် လက်ရှိတွင် ပါတီလုပ်ငန်းများကို ပြန်လည်ဆောင်ရွက်နေပြီဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ထံမှ သိရသည်။

အလားတူ ပါတီတွင်းငြင်းပွားမှုနှင့်ပတ်သက်၍ ပါတီလှုပ်ရှားမှုများကို ခြောက်လ ယာယီရပ်ဆိုင်းခံရသည့် မဟာမိတ်တောင်သူလယ်သမားပါတီသည် ရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားချက်ကို ပြီးပြတ်အောင်ဆောင်ရွက်နိုင်ခြင်း မရှိသောကြောင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၂၄(င)အရ ယခုနှစ် ဩဂုတ်လ ၂၀ ရက်နေ့က နိုင်ငံရေးပါတီအဖြစ်မှ ပယ်ဖျက်ခံခဲ့ရသည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေတွင် ဥပဒေ၊ နည်းဥပဒေ၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ခြင်းမရှိကြောင်း စိစစ်တွေ့ရှိသည့် နိုင်ငံရေးပါတီကို သုံးနှစ်အတွင်း အချိန်ကာလ သတ်မှတ်ချက်များဖြင့် လုပ်ငန်းများ ယာယီ ရပ်ဆိုင်းဖြေရှင်းရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားနိုင်ကြောင်း၊ သုံးနှစ်ကျော်လွန်သည်အထိ ညွှန်ကြားချက်များကို ဆောင်ရွက်မှုမရှိပါက ဖျက်သိမ်းခံရမည်ဖြစ်ကြောင်း ပါရှိသည်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော အချက်အလက်များအရ တည်ဆဲနိုင်ရေး ပါတီ ၉၃ ခု ရှိသော်လည်း ပါတီသုံးခုကို ယာယီရပ်ဆိုင်းရန် ညွှန်ကြားထားသဖြင့် စုစုပေါင်းပါတီ ၉၀ သာ လုပ်ငန်းများ ဆောင်ရွက်ခွင့် ရှိနေသည်။

ထင်မြင်ချက်ရေးရန်

ထင်မြင်ချက်တခုခုရေးပါ
ကျေးဇူးပ​ြုပ​ြီး သင့်နာမည်ရိုက်ထည့်