Hintharmedia

ခွေးနှင့်လူ

အောင်ကျော်ထွန်း

 

“လမ်းဘို”ဟူသောအမည်နှင့်လိုက်အောင်လမ်းပေါ်တွင် သူ ဆိုးသွမ်းလှသည်။ လမ်းသွား လမ်းလာများအားလုံး သူ့ကို ကြောက်ကြသည်။ သူကလူများကို ကြောက်ခဲ့ရသည့် အခြေအနေမှ လူအများက သူ့ကိုပြန်လည်ကြောက်ရွံ့ လာသည့် အခြေအနေသို့ ကူးပြောင်းလာခြင်းဖြစ်သည်။
သူ့ကြောင့်လူခုနစ်ဦးခန့် ဆေးရုံရောက်ကြ ရကြောင်း ရပ်ကွက်တွင်းနေထိုင်သူများက ပြော ကြသည်။
လမ်းဘေးတွင် ဆိုးသွမ်းသောင်းကျန်းသည့် အဆင့်ဖြစ်လာသောကြောင့် သူ့ကို လမ်းဘိုဟု ခေါ်ဝေါ်သမုတ်ကြခြင်းဖြစ်သော်လည်း၊ အမှန်စင် စစ်အားဖြင့်သူသည် ခဲရောင်နှင့် အနီရောင်စပ် ထားသည့် ခွေးမတစ်ကောင်သာဖြစ်သည်။ လမ်း ဘိုသည် ရန်ကြီးအောင်လမ်း၊ မရမ်းကုန်းမြို့နယ်ကိုရောက်ရှိလာသည်မှာ ၂၀၁၅ ခုနှစ်ခန့်က ဖြစ် သည်ဟု ရပ်ကွက်တွင်းနေထိုင်သူ ကိုလှအောင် က ပြောသည်။
“စရောက်လာတုန်းကတော့ဗျာ ပိန်လှီချည့် နဲ့နေတာပဲ”ဟု ကိုလှအောင်က ပြောသည်။
ထိုကာလက နေပူပြင်းပြင်းအချိန်တွင် ပိန်လှီ မွဲခြောက်ကာ မျက်နှာမှ သွေးများကျဆင်းနေ သည့် ခွေးမတစ်ကောင် လမ်းပေါ်တွင် ပြေးလွှား နေသည်ကို ရပ်ကွက်နေသူတချို့က သတိပြုမိကြ သည်။ သူ့မျက်နှာတွင် ပြတ်ရှဒဏ်ရာတစ်ချက်မှ သွေးများ ထွက်နေခြင်းဖြစ်သည်။ မျက်လုံးအ ကြည့်နှင့် အနေအထိုင်ဂနာမငြိမ်သော သူ့ကို ခွေးရူးတစ်ကောင်ဖြစ်လိမ့်မည်ဟူသော မှန်းဆ ချက်ဖြင့် ထိုစဉ်ကတည်းက လူများက ကြောက်ခဲ့ ကြရသည်။
အဟာရပြတ်နေသည့် ပုံသဏ္ဌာန် ဖြစ်ပေါ် နေသောသူ့ကို လက်ဖက်ရည်ဆိုင်တစ်ဆိုင်က သနားကာ စားကြွင်းစားကျန်များ ချကျွေးခဲ့သည်။ ထိုစဉ်မှအစပြုကာ လမ်းဘိုဖြစ်လာမည့် ခွေးပိန်မ တစ်ကောင် ဝဖီးစိုပြေလာကာ ခုထိလမ်းပေါ်တွင် အသက်ရှင် ရပ်တည်နေခြင်းဖြစ်သည်။
လမ်းဘိုကဲ့သို့သော လေလွင့်ခွေးများကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ကျန်းမာရေး စောင့်ရှောက်ခြင်းနှင့်အတူ စစ်တမ်း ကောက်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော် မြို့နယ်တွင် အကောင်ရေ ၅၅၉၊ လသာမြို့နယ် တွင် ၂၂၅ ကောင် ရှိသည်။ ထိုကိန်းဂဏန်းသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ကောက်ယူရရှိ သည့်စာရင်းဖြစ်ပြီး ရန်ကုန်တိုင်းဒေသကြီးမှ မြို့ နယ် ၃၃ မြို့နယ်ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ် သုတေသနပြု စစ်တမ်းကောက်ခဲ့ရာ အကောင် ရေ တစ်သိန်းကျော်ရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၏ တိရစ္ဆာန် ဆေး ကုနှင့်သားသတ်ရုံများဌာနမှ လက်ထောက်ညွှန် မှူး ဒေါက်တာလှမေဦးက ပြောသည်။
ရပ်ကွက်ထဲ စတင်ရောက်ရှိစဉ်ကလူကိုမြင် လျှင် ကြောက်ရွံ့နေတတ်သော လမ်းဘိုသည် လေး၊ ငါးလမျှအကြာတွင် သားပေါက်ကာ လမ်း သွားလမ်းလာ တစ်ဦးကို စတင်ကိုက်ခဲ့သည်။ ထိုနောက်ပိုင်း ယခုထိ လူခုနစ်ဦးခန့်ကို ကိုက်ခဲ့ သည်ဟု ကိုလှအောင်က ပြောသည်။
“လူတစ်ယောက်ကိုကိုက်ဖူးရင် နောက်ထပ် နောက်ထပ်တွေမှာ ထပ်ကိုက်ဖို့ဝန်မလေးတော့ တဲ့သဘောရှိတယ်”ဟု ကိုလှအောင်က ပြောသည်။
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ကျန်းမာရေးသတင်းအချက်အလက်ဌာန၏ထုတ် ပြန်ချက်အရ တစ်နိုင်ငံလုံးအတိုင်းအတာအရ ၂၀၁၄ ခုနှစ်တွင် ခွေးကိုက်ခံရသူ ၅၃၀၀၀ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၅၆၀၀၀ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၅၃၀၀၀ ကျော် ရှိခဲ့သည်ကိုကြည့်လျှင် နှစ်စဉ် လမ်းဘေးခွေး ကိုက်ခံရသူအရေအတွက် တိုးပွား လျက်ရှိနေသည်။
ခွေးရူးပြန်ရောဂါကြောင့် သေဆုံးသူ ၂၀၁၄ ခုနှစ်တွင် ၁၃၅ ဦး၊ ၂၀၁၅ ခုနှစ်တွင် ၁၀၁ ဦး၊ ၂၀၁၆ ခုနှစ်တွင် ၉၈ ဦး ရှိခဲ့သည်ကို ကြည့်လျှင် နှစ်စဉ် ခွေးရူးပြန်ရောဂါကြောင့် သေဆုံးမှုများ ရှိနေသည်မှာ ပေါ်လွင်သည်။
ကိန်းဂဏန်းဖြင့် အတိအကျ မပြောနိုင် သော်လည်း လမ်းဘေးခွေး အကိုက်ခံရခြင်း မရှိ သော်လည်း သွယ်ဝိုက်သောနည်းဖြင့် ခွေးရူးပြန် ရောဂါဖြင့် သေဆုံးသည့် ဖြစ်စဉ်များစွာလည်း ရှိ ကြောင်းနှင့် ထိုဖြစ်စဉ်များထဲတွင် ရန်ကုန်တိုင်း ဒေသကြီး၊ ရွှေပြည်သာမြို့နယ်ထဲက ဖြစ်စဉ်တစ်ခု ကို ဒေါက်တာလှမေဦးက ပြောပြသည်။
ကြောင်မွေးမြူထားသော အမျိုးသမီး တစ်ဦးဖြစ်သည်။ နေရင်းထိုင်ရင်း ဘာဖြစ်နေမှန်း သူ့ကိုယ်သူမသိ၊ သဘာ၀ အလင်းရောင်ကိုပင် ကြောက်ရွံ့လာကာ အမှောင်ထဲတွင်သာ နေထိုင် ချင်စိတ် ဖြစ်ပေါ်လာခဲ့သည်။ တစ်စတစ်စနှင့် ထမင်းစားမဝင်၊ ရေသောက်၍မရ ဖြစ်လာကာ အလိုအလျှောက် ဒေါသကြီးလာတတ်သည်။ မျက်လုံးများလည်း ဂနာမငြိမ်ဖြစ်ကာ မျက်ဆံ လည်လာသည်ကို ပတ်ဝန်းကျင်က သတိပြုမိ ကြသည်။ အစားအစာမဟုတ်သော အရာများ ကိုလည်း ကုတ်ဖဲ့ခြင်း၊ ကိုက်ခြင်းများ ဖြစ်လာပြီး နောက် လည်ပင်းကြွက်သားများသည် ပျင်ချပ် သဖွယ် မာကြောလာကာ ခံတွင်းမှ သွားရည်များ တတောက်တောက် ကျဆင်းနေသည် ကိုလည်း ထိန်းသိမ်းနိုင်စွမ်းမရှိခဲ့။
နောက်ဆုံးတွင် အင်းစိန်ဆေးရုံသို့ ပို့ဆောင် ခဲ့ရသည်။ ဆေးရုံတွင် ဆေးကုသမှု ခံယူနေဆဲ နှစ်ရက်မြောက်တွင် အသက်ဆုံးရှုံးခဲ့သည်။ ထူး ခြားသော ရောဂါလက္ခဏာဖြစ်ခြင်းကြောင့် ထို အမျိုးသမီး၏ နောက်ကြောင်းကို ဆရာဝန်များက ပြန်လည်လေ့လာ စိစစ်ကြည့်သည့်အခါထိုအမျိုး သမီး မွေးမြူထားသောကြောင်ကို လမ်းဘေးခွေး တစ်ကောင်က ကိုက်ခဲ့သည်။ ကိုက်ခံရသော ကြောင်သို့ ခွေးမှတစ်ဆင့် Rhabdo Virus ကူး စက်ခဲ့သည်။ ထိုအမျိုးသမီးသည် ကြောင်၏ လက်သည်းများဖြင့် ခြစ်မိ၊ ကုတ်မိသည်ကို ခံရ သောအခါ ခွေးမှကြောင်သို့ ကူးစက်ထားသော ဗိုင်းရပ်စ်သည် လူသို့ကူးစက်ခဲ့ခြင်းဖြစ်သည်။
“တိရစ္ဆာန်ကနေ လူကိုကူးစက်တဲ့ ရောဂါ တွေထဲမှာ ဒီရောဂါက ကြောက်စရာအကောင်း ဆုံးပဲ၊ အသက်အန္တရာယ်ကို ထိခိုက်စေတဲ့ စိုးရိမ် ရတဲ့ ရောဂါဖြစ်တယ်၊ ကုရာနတ္ထိဆေးမရှိပဲ”ဟု ဒေါက်တာလှမေဦးက ပြောသည်။
လမ်းဘေးခွေးများသည် လူကို ကိုက်ရုံမျှ မကဘဲ အိမ်ခြံများအတွင်းသို့ ခြံစည်းရိုးကို ကျော် ဝင်၊ တိုးဝင်၊ မြေကျင်းတူးဝင်ခြင်းများဖြင့် လူအ သုံးအဆောင်များကို ကိုက်ဖဲ့ခြင်း၊ လူအစားအစာ များကို စားသုံးခြင်းတို့ကြောင့် ဆုံးရှုံးခြင်းများရှိ နေသည်။ ထို့အပြင် ညပိုင်းလူခြေတိတ်ချိန်များတွင်လည်း အချင်းချင်းကိုက်ခဲ ဟိန်းဟောက်သံ၊ အော်သံ၊ အူသံ၊ ဟောင်သံများကြောင့် ရပ်ကွက် နေလူထု အိပ်ရေးပျက်ခြင်းနှင့် စိတ်အနှောင့်အ ယှက် ဖြစ်ကြရသည်။ ခွေးလေခွေးလွင့် ပေါသော ရပ်ကွက်နှင့်လမ်းများတွင် ထိုအနှောင့်အယှက်မျိုး ပိုမိုခံစားရသည်ဟု မရမ်းကုန်းမြို့နယ်၊ အမှတ် ၅ ရပ်ကွက်၊ ရန်ကြီးအောင်လမ်းတွင် နေထိုင်သူ ကိုတင်ထွန်းက ပြောသည်။
“ညညအတော်ဆိုးသဗျာ၊ သန်းခေါင်လောက် ဆို ထထမောင်းနေရတာ ညတိုင်းလိုလိုပဲ၊ ကလေး ငယ်ရှိတော့ ကလေးက လန့်လန့်နိုးရော၊ မိတ်လိုက် ချိန်ဆိုပိုဆိုးတယ်”ဟု ကိုတင်ထွန်းကပြောသည်။
မင်္ဂလာဒုံမြို့နယ်၊ ကြံခင်းစုရပ်ကွက်၊ မြ တောင်ညိုဈေးအနီးတွင်နေထိုင်သည့် အမျိုးသမီး တစ်ဦးက“ဈေးဝယ်ရင် ကျွတ်ကျွတ်အိတ်နဲ့မဝယ် ရဲဘူး၊ အနောက်ကနေ အိတ်ကိုလိုက်ဆွဲတာ၊ အဲဒါ ဈေးထဲမှာ နေ့တိုင်းလိုလိုဖြစ်နေတာ”ဟုဆိုသည်။
ဆိုးကျိုးများကြောင့် လမ်းဘေးခွေးများ မရှိသင့် ဟု အများစုက လက်ခံကြသော်လည်း လမ်းဘေး ခွေးသည် လမ်းလုံခြုံရေးရရှိသဖြင့် ရှိသင့်သည် ဟု ခွေးချစ်သူများအသင်းက ယုံကြည်ကြသည်။
လမ်းဘေးခွေးမှတစ်ဆင့် ခွေးရူးပြန်ရောဂါ လူသို့ ကူးစက်မှုမရှိစေရန်အတွက် ရန်ကုန်မြို့ တော်စည်ပင်သာယာရေးကော်မတီမှ နည်းလမ်း သုံးမျိုးဖြင့် ကျင့်သုံးလျက်ရှိနေသော်လည်း၊ ရန် ကုန်တိုင်းဒေသကြီးရှိ မြို့နယ် ၃၃ မြို့နယ်ကို အရှိန်အဟုန်မြင့် ဟန်ချက်ညီညီ လုပ်ဆောင်ခြင်း မရှိချေ။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော် မတီမှ လမ်းဘေးခွေးများကို အဆိပ်ကျွေး သတ် ခြင်းကို ပထမနည်းလမ်းအဖြစ် ကျင့်သုံးခဲ့သော် လည်း မြို့နယ်အားလုံးသို့ လွှမ်းခြုံခြင်းမရှိသဖြင့် လမ်းဘေးခွေးအရေအတွက် လျော့ကျခြင်းမရှိခဲ့။
“ခွေးကိုအဆိပ်ကျွေးတာ ကျွန်တော်လည်း သိပ်မကျွေးချင်ဘူး၊ သူတို့မချိမဆံ့သေရတာလေ၊ မလုပ်တော့ဘူး၊ ဒါပေမဲ့ဗျာ တချို့နေရာတွေမှာ လုပ်ရသေးတယ်”ဟု ရန်ကုန်မြို့တော်ဝန်ဦးမောင် မောင်စိုးက ပြောသည်။
အဆိပ်ကျွေး သုတ်သင်သောစနစ်ကို ခွေး ချစ်သူများက လက်မခံကြ။ ပြည်ပနိုင်ငံတချို့မှ သဘောကျနေသည့် မြန်မာခွေးမျိုးရင်း ပျောက် ဆုံးသွားမည်ကို စိုးရိမ်နေကြသည်။ “ကျွန်တော် တို့မြန်မာခွေးမျိုးက အသိမှတ်ဉာဏ် အားကောင်း တယ်”ဟု ခွေးချစ်သူများအသင်းမှ ကိုစိုးဝင်းသန်း ကပြောသည်။
ဒုတိယနည်းလမ်းဖြစ်သော မျိုးပွားမှု ထိန်း ချုပ်သည့်စနစ်ကို ရန်ကုန်တိုင်းဒေသကြီး၊ လမ်း မတော်နှင့် လသာမြို့နယ်များသာ လုပ်ဆောင်ခဲ့ ပြီး၊ လက်ရှိတွင် ပန်းဘဲတန်းမြို့နယ်၌ လုပ်ဆောင် လျက်ရှိနေသည်။
တတိယနည်းလမ်းသည် ခွေးကောင်ရေ ၅၀၀ ထားသိုနိုင်မည့် ခွေးဂေဟာကို လှိုင်သာယာ တွင်လုပ်ဆောင်ကာ ခွေးများကို ထိန်းသိမ်းမည့် စနစ်ဖြစ်သည်။ ခွေးဂေဟာ ဆောက်လုပ်ခြင်း ပြီးစီးပြီဖြစ်သော်လည်း ခွေးများလက်ခံခြင်းမရှိ သေးချေ။ ခွေးဂေဟာဆောက်လုပ်ခြင်းနှင့် ကျွေး မွေးစရိတ်၊ ကျန်းမာရေးစောင့်ရှောက်မှုစရိတ်များ အတွက် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်အတွက် ကျပ် သိန်းပေါင်း ၃၀၀၀ လျာထားသည်ဟု ရန်ကုန်မြို့ တော် စည်ပင်သာယာရေးကော်မတီ၏ မြို့တော် ဝန် ဦးမောင်မောင်စိုးက ပြောသည်။
ခွေးမျိုးပွားမှုထိန်းချုပ်ရေးစနစ်ကို ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ် လမ်းမတော်နှင့် လသာ နှစ်မြို့နယ်မှ လမ်းဘေးခွေးအမများကို ကာကွယ် ဆေးထိုးခြင်း၊ အထီးများကို ခွဲစိပ်ကုသ သင်းကွပ် ခြင်းပြုလုပ်သည်ဟု ဒေါက်တာလှမေဦးက ပြော သည်။ ခွေးမများကိုဆေးထိုးရာတွင် ဆေး၏ အာနိသင်မှာ တစ်နှစ်မျှသာ ဖြစ်သည်။
လမ်းဘိုနေထိုင်ရာ ရန်ကြီးအောင်လမ်းတွင် လမ်းဘိုအပါအဝင် လမ်းဘေးခွေး အကောင်ရေ ၃၀ ခန့်ရှိသည်ဟု ကိုလှအောင်က ခန့်မှန်းသည်။ ထိုခွေးများထဲတွင် လမ်းဘိုသည် အဆိုးသွမ်းဆုံး သော ခွေးဖြစ်ကြောင်းနှင့် ၎င်းတို့ကို ရှင်းလင်းလို သော်လည်း မည်သို့မည်ပုံပြုလုပ်ရမည်၊ မည်သူ့ ကိုဆက်သွယ်ရမည်ကို မသိကြချေ။ လမ်းဘို ပေါက်ဖွားသော ခွေးပေါက်လေးများ အပါအဝင် ခွေးပေါက်လေးများကို ဖမ်းဆီးကာ ဘုန်းတော် ကြီးကျောင်းသို့ သွားရောက်ပို့ဆောင် ခဲ့သည်မှာ ယခုဆိုလျှင် အကောင် ၄၀ ခန့်ရှိပြီဟု ကိုလှ အောင်က ပြောသည်။
၎င်းက “ဒီလမ်းမှာ ဒီကောင်တွေ ဒီထက်ပို များလာရင် မလွယ်ဘူးဗျ၊ လူတွေ ဒုက္ခရောက် ကြလိမ့်မယ်”ဟု ဆိုသည်။
ခွေးပေါက်များသည် ခြောက်လအရွယ်သို့ ရောက်ရှိလာလျှင် ကိုယ်ဝန်ဆောင်နိုင်သည့် အရွယ် ဖြစ်လာသည်။ တစ်ကြိမ်သားပေါက်လျှင် ရှစ်ကောင် အထိ အများဆုံးပေါက်ဖွားနိုင်ကာ တစ်နှစ်လျှင် နှစ်ကြိမ် သားပေါက်လေ့ ရှိကြကြောင်းနှင့် ရန် ကုန်တိုင်းဒေသကြီးရှိ ခွေးများသားပေါက်နှုန်းနှင့် တိုးပွားမှုနှုန်းကို မြို့တော်စည်ပင်မှ ၂၀၁၄မှ ၂၀၁၆ အထိ သုတေသနပြုလုပ်ခဲ့ရာ စစ်တမ်း တွေ့ရှိချက်အရ တစ်နှစ်လျှင် ၁၀၀၀၀၀ ကျော် အထိ ပေါက်ဖွားနှုန်း ရှိနေသည်ဟု ဒေါက်တာ လှမေဦးက ပြောသည်။
နှစ်စဉ်တိုးပွားအား ကောင်းနေသော ခွေး များကို ဟန်ချက်ညီထိန်းချုပ်ခြင်း မပြုနိုင်ပါက အကောင်ရေ တိုးပွားသထက်တိုးပွားကာ နောက် ပိုင်းတွင် ထိန်းချုပ်ရန်ခက်ခဲသည့် အဆင့်သို့ ရောက်ရှိလိမ့်မည်ဟု တွက်ဆခြင်းများလည်း ရှိ နေကြသည်။
ရန်ကုန်တိုင်းဒေသကြီး ၃၃မြို့နယ်ရှိ ပြည်သူ များအနေဖြင့် မိမိတို့နေထိုင်ရာ လမ်းအတွင်းရှိ လမ်းဘေးခွေးများကို ရှင်းလင်းလိုပါက ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ အကြောင်းကြားရန်နှင့် ရပ် ကွက် အုပ်ချုပ်ရေးရုံးမှ စည်ပင်သို့ အကြောင်းကြား ပါက စည်ပင်မှ လာရောက်ဖမ်းဆီးကာ ခွေး ဂေ ဟာသို့ ပို့ဆောင်သွားမည်ဟု ဒေါက်တာလှမေဦး က ပြောသည်။
ရန်ကြီးအောင်လမ်းမှ လမ်းဘေးခွေးများကို ကိုလှအောင်တို့ ရပ်ကွက်နေသူတို့က တစ်နေ ရာရာသို့ ပို့ဆောင်လိုကြသည်။ လောလော ဆယ်တွင် လမ်းဘိုသည် နောက်တစ်သားအတွက် ကိုယ်ဝန်လွယ်ထားရပြီ ဖြစ်သည်။

Add comment

Advertisement

Advertisement

error: Content is protected !!