မနေ့တစ်နေ့က အာဇာနည်များ

0

အောင်ကျော်ထွန်း

ဆာလောင်နေသည့်ဗိုက်ကို ဖြည့်တင်းဖို့ မောင်အုန်းကြိုင်တစ်ယောက် အတွင်းဝန် ရုံးထဲမှ နောင်တွင် ဗိုလ်အောင်ကျော်လမ်းဟု အမည်တွင် မည့် စပတ်လမ်းဘက် ထွက်လာခဲ့သည်။
စားစရာတစ်ခုခု ရရှိနိုင်မည့်ဆိုင်ကို ရှာရင်း ဖလေစာလမ်း (အနော်ရထာလမ်း) ဘက်သို့ ရောက်ရှိသွားသည်။ ဆာဆာဖြင့် လက်ဖက်ရည် ဆိုင် တစ်ဆိုင်သို့ဝင်သွားပြီး မုန့်ဟင်းခါးတစ်ပွဲ မှာလိုက်သည်။ သို့သော် ယင်း မုန့်ဟင်းခါးတစ်ပွဲ “မကုန်နိုင်လောက်”ဟု သူ ကြိုတင် မစဉ်းစားခဲ့ သလို အဖြစ်အပျက်များကလည်း မြန်ဆန်လွန်း လှသည်။
“ဗြောင်း ဗြောင်း ဗြောင်း ”ဆိုသည့် မိုးပြို သံလို ကျယ်လောင်သည့်အသံများက မုန့်ဟင်း ခါးလေးဇွန်းမျှ စားပြီးချိန် တရစပ် ကြားလိုက် ရခြင်းဖြစ်သည်။ သို့သော်လည်း ယင်းအသံရှည် က စက္ကန့်မျှသာ။ အသံက အတွင်းဝန်ရုံးဘက်က ဖြစ်သည်ဟု သူခန့်မှန်းမိသည်။ ဘာဖြစ်တာလဲ ဆိုသော သိလိုစိတ်နှင့်အတူ မုန့်ဟင်းခါးဖိုးကျသင့် ငွေ အလျင်အမြန်ရှင်းပြီး အတွင်းဝန်ရုံးဘက်သို့ မောင်အုန်းကြိုင် ပြေးလေတော့သည်။
အတွင်းဝန်ရုံးအတွင်းသို့ မောင်အုန်းကြိုင် ရောက်ရှိသွားချိန်တွင် လူများ ယောက်ယက်ခတ် ပြေးလွှားနေကြသည်ကို မြင်လိုက်ရသည်။
ရုံးအပေါ်မှ ဝန်ထမ်းများကလည်း ရုံး အောက်ကို ဒရောသောပါးဖြင့် ပြေးဆင်းနေကြ သည်။ ဆင်းလာသူများကို တိုးဝှေ့ရင်း ရုံးပေါ်ကို သူပြေးတက်သွားသည်။ မြင်ကွင်းက မယုံနိုင်စ ရာ၊ မောင်အုန်းကြိုင်ကို မှင်သက်အံ့သြသွားစေ သည့်မြင်ကွင်း။ တခဏအတွင်းမှာပင် မြန်ဆန် လွန်းလှသည့် အပြောင်းအလဲ။ မြန်မာနိုင်ငံ ပြည် သူများ ကျေကွဲဝမ်းနည်းခဲ့ရသည့်ဖြစ်စဉ်။ ၁၉၄၇ ခုနှစ်၊ ဇူလိုင် ၁၉ ရက်၊ နံနက် ၁၀ နာရီ ၃၇ မိနစ်။
ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ ခေါင်း ဆောင်ကြီးများသည် သေနတ်ဒဏ်ရာ ကိုယ်စီ ဖြင့်သွေးအိုင်ထဲတွင် အလဲလဲအပြိုပြို။
ရွှေဖလားရောင် ဘန်ကောက်ပုဆိုး၊ စတစ် ကော်လံ အကျီ၊ တိုက်ပုံ၊ ရွှေဖလားရောင် ညှပ် ဖိနပ်စီးထားသော ဗိုလ်ချုပ်အောင်ဆန်းကိုမောင် အုန်းကြိုင် ခုလေးတင် နှုတ်ဆက်ခဲ့သေးသည်။
“ဗိုလ်ချုပ် တယ်စမတ်ကျလှပါလား”
ယခင်နှင့် မတူအောင် သေသေသပ်သပ် ဝတ်ဆင်လာသည့် ဗိုလ်ချုပ် အောင်ဆန်းက မောင်အုန်းကြိုင်ကို အပြုံးဖြင့် တုန့်ပြန်ခဲ့သည်။ အတွင်းဝန်ရုံး၌ ဝန်ကြီးများ အစည်းအဝေး ပြု လုပ်တိုင်း အိတ်ကပ်နှစ်ဖက်ပါသည့် ကာကီရောင် စစ်ယူနီဖေါင်းကိုသာ ဝတ်ဆင်လေ့ရှိသည့် ဗိုလ် ချုပ်အောင်ဆန်းသည် အရပ်ဝတ်ကို သေသပ်ခန့် ညားစွာ ဝတ်ဆင်လာခြင်းကြောင့် ဝန်ကြီးများနှင့် ဧည်သည်တော်များပင် အံ့သြကြရသေးသည်။
ရွှင်ပြလန်းဆန်းတက်ကြွနေသော ဗိုလ်ချုပ် သည် မိနစ်ပိုင်းအတွင်းမှာပင် သေနတ်ဒဏ်ရာ ၁၃ ချက်ဖြင့် သွေးလူးနေသော ရုပ်ကလပ်အဆင့် သို့ ပြောင်းလဲသွားသည်။
ယခုကဲ့သို့ သမိုင်းဝင်ဖြစ်ရပ်ကို ကိုယ်တွေ့ မြင်တွေ့လိုက်ရသူ မောင်အုန်းကြိုင်မှာ သတင်း ထောက်တစ်ဦး ဖြစ်လေသည်။ ဟံသာဝတီ သတင်းစာ၏ နိုင်ငံရေးသတင်းထောက် ဆိုလျှင် ပိုမိုပြည့်စုံပေမည်။ ထိုစဉ်က မောင်အုန်းကြိုင် သည် အသက်၂၀နှစ် ဖြစ်ပြီး၊ ယခုအခါတွင် အသက် ၉၀ ရှိပြီဖြစ်သော သတင်းစာဆရာကြီး ဦးအုန်းကြိုင်(ဟံသာဝတီ)ဖြစ်သည်။
သတင်းထောက် ဖြစ်သောကြောင့် ယင်း ဖြစ်စဉ်အခြေအနေကို သတင်းပြန်လည်ရေးသား ရန် မောင်အုန်းကြိုင် ချက်ခြင်း မေးမြန်းစုံစမ်းရ တော့သည်။
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သည့် အစိုး ရအဖွဲ့ အစည်းအဝေးပြုလုပ်နေချိန် အမှတ် ၁၂ တပ်မကြီးတံဆိပ် ခင်္သြေ့ပုံပါ 12 Army ယူနီ ဖောင်း ဝတ်ဆင်ထားသည့် ဦးစော၏ တပည့် လေးဦးမှာ တော်မီဂမ်း သေနတ်ကိုယ်စီဖြင့် လှေ ကားမှ ပြေးတက်လာခဲ့သည်။
“အဲဒီအဝတ်အစား ဝတ်ပြီးတော့ ဒီကောင် တွေ တက်လာတယ် ဒါပေမယ့် ဒီကောင်တွေက စစ်ဖိနပ်မဟုတ်ဘူးညှပ်ဖိနပ်တွေစီးပြီး လာတယ်” ဟုု ဦးအုန်းကြိုင်က အာဇာနည်ခေါင်းဆောင်ကြီး များ၏ သွေးမြေကျချိန်အကြောင်းကို ပြန်ပြောင်း ပြောပြသည်။
ပြေးတက်လာသော လက်နက်ကိုင်များ သည် မင်းစေ ရုံးလုလင် မောင်သောင်းစိန်ကို သေနတ်ဖြင့်ချိန်၍ တွန်းထုတ်လိုက်ပြီး အစည်း အဝေး ခန်းမအတွင်းသို့ ဝင်ရောက်လာသည်။ ဗိုလ်ချုပ်အောင်ဆန်းမှမြင်၍ လက်ပြကာ တား ၍ စကားပြောချိန်တွင် သေနတ်ဖြင့် စတင် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။
“ ပစ် ပစ် ဆိုပြီး ပစ်လိုက်တာ ဗိုလ်ချုပ်ကို မဲပြီး ပစ်လိုက်တာ”ဟု သတင်းရေးသားရန် ၎င်း စုံစမ်းဖော်ထုတ်ခဲ့သမျှကို ပြန်ရှင်းပြသည်။
လုပ်ကြံသူများတွင် ပါဝင်သူ မောင်စိုးနှင့် သက်နှင်းက တော်မီဂမ်းနှင့် မတ်တပ်ရပ် ပစ်ခတ် ခဲ့ပြီး၊ လဲကျသွားသည့် ဝန်ကြီးများကိုမူ ရန်ကြီး အောင်ဆိုသူက စတင်းဂမ်းဖြင့် ဒူးထောက်ထိုင် ကာ အောက်ခြေမှနေပြီး မသေသေအောင် ပစ် ခတ်ခဲ့သည်။
ပစ်ခတ်နေချိန်တွင် ပညာရေးဝန်ကြီး ဦး အဒူရာဇတ်၏ ကိုယ်ရံတော်ဖြစ်သူ ကိုထွေးမှ သေနတ်သံများကြား၍ ပညာရေးဝန်ကြီး ရုံးခန်း မှ ပြေးထွက်လာသည်ကို ရန်ကြီးအောင်မှ တွေ့ ပြီး သေနတ်ဖြင့် ပစ်ခဲ့ခြင်းဖြစ်သည်။
ယင်းနေရာတွင်ပင် ရဲဘော် အဆင့်ရှိသူ ကိုထွေးမှာ သေဆုံးခဲ့ရသည်။
ယင်းနောက် လုပ်ကြံခံခဲ့ရသည့် ဝန်ကြီးများ ကိုအသီးသီးသယ်ထုတ်လာကြပြီး ရန်ကုန် ဆေး ရုံကြီးသို့ ပို့ဆောင်ခဲ့ကြသည်။
ယင်းအချိန်တွင် ဗိုလ်ထွန်းလှ၊ ရဲမင်းကြီး ဦးအောင်ရှိန်နှင့် ဦးဘမောင်တို့က ဗိုလ်ချုပ် မ သေသေးကြောင်း ပြောနေကြသေးသည်။
ဝန်ကြီးအချို့က လုပ်ကြံခံရသည့် နေရာ တွင်သာ ပွဲချင်းပြီး သေဆုံးခဲ့ကြသော်လည်း မိုင်း ပွန်စော်ဘွားကြီး စဝ်စံထွန်းသည် နောက်တစ်ရက် ဖြစ်သည့် ဇူလိုင် ၂၀ တွင် ရန်ကုန် ဆေးရုံကြီးတွင် ကျဆုံးခဲ့ခြင်းဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ နိုင်ငံ့ခေါင်း ဆောင်ကြီးများ လုပ်ကြံ မခံရခင် ၁၉၄၇၊ ဇူလိုင် ၁၈ ရက်က ဗိုလ်တစ်ထောင်ရှိ ဗြိတိသျှ လက် နက်ခဲယမ်းမီးကျောက် သိုလှောင်ရုံ (BOD) မှ ဘရင်းဂမ်း အမျိုးအစား သေနတ်အလက် နှစ် ရာနှင့် ကျည်ဆံများ ပျောက်ဆုံးသွားသည် ဟူ သောသတင်းကို သတင်းထောက် မောင်အုန်း ကြိုင်နှင့်တကွ သတင်းထောက်များ ရေးသားကြ သေးသည်။
ယင်းနောက် မင်္ဂလာဒုံမြို့နယ် ပျဉ်းမပင် ရှိသည့် ပင်မခဲယမ်းမီးကျောက်တပ် COD မှ လက်နက်များ ထပ်မံ၍ ပျောက်ဆုံးပြန်သေး သည်။
“လက်နက်တွေ ပျောက်သွားတာ ဗြိတိသျှ အစိုးရရဲ့ တပ်ကဆိုတော့ ဒါ ဦးစောတို့ထုတ်သွား တယ်လို့ သတင်းထွက်တယ်”ဟု ဦးအုန်းကြိုင်က ပြောသည်။
ဗြိတိသျှစစ်တပ် အရာရှိများမှ ဦးစောနှင့် အဖွဲ့ကို လက်နက်များ ထုတ်ပေးခဲ့ခြင်း ဖြစ်ပြီး လက်နက်ထုတ်သည့် ဘောက်ချာများဖြင့် နှစ် နေရာလုံးတွင် ထုတ်ယူသွားခြင်း ဖြစ်ကြောင်း ဦးအုန်းကြိုင်က ပြောသည်။
လက်နက်များ ပျောက်ဆုံးသည့် အမှုသည် အရေးကြီးပြီး ဗိုလ်ချုပ်အောင်ဆန်းအတွက် အ ထူးသတိရှိရန် လိုအပ်ကြောင်းနှင့် ဦးစော၏ နေ အိမ်အနှံ့တွင် ရှာဖွေရန် သတင်းစာဆရာများက တိုက်တွန်း ခဲ့ကြသေးသည်။
ဦးစော၏ နေအိမ်သို့ ရှာဖွေစစ်ဆေးရန် တိုက်တွန်းသူများထဲတွင် ဗြိတိသျှဘုရင်ခံ ကိုယ် တိုင် ပါဝင်ခဲ့သော်လည်း ယင်းကိစ္စနှင့် ပတ်သက် ပြီး ဗိုလ်ချုပ်အောင်ဆန်းမှ ဂရုမပြု။
သို့သော်လည်း ပြည်ထဲရေး ဝန်ကြီးဌာနကို တာဝန်ယူထားသည့် ဦးကျော်ငြိမ်းနှင့် ယင်းဌာန ကို ယာယီ တွဲကိုင်နေသည့် ပျော်ဘွယ်ဦးမြမှ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဘုရင်ခံကို ဇူလိုင် ၁၈ ရက်က ပြောပြီးဦးစောအိမ်ကို ရှာဖွေရန် စီစဉ်ခဲ့ သော်လည်း နောက်ကျခဲ့ရသည်။
“ဦီးမြက နှေးနေတယ် ဖမ်းဖို့ စီးဖို့ ကို။ ဦး စောက ဒီသတင်းလည်းကြားရော ၁၉ ရက်နေ့မှာ အမှီချတယ်”ဟု ဦးအုန်းကြိုင်က ပြောသည်။
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ခေါင်းဆောင် ကိုးဦးလုပ်ကြံမခံရခင် ၁၉၄၇ ဇန် နဝါရီတွင် အင်္ဂလန်ရှိ ဗြိတိသျှလေဘာ အစိုးရ ဝန်ကြီးချုပ်ဖြစ်သူ ကလင်းမက်အက်တလီမှ မြန် မာနိုင်ငံလွတ်လပ်ရေးအတွက် ဆွေးနွေးရန် ဖိတ် ကြားချက်အရ ဗိုလ်ချုပ်အောင်ဆန်း အင်္ဂလန် နိုင်ငံသို့ သွားရောက်ရာတွင် ဘုရင်ခံမှ ဦးစော နှင့်သခင်ဘစိန်တို့နှစ်ဦးကို ထည့်ပေးလိုက်သည်။
ဗိုလ်ချုပ်အောင်ဆန်း အစိုးရအဖွဲ့ အင်္ဂလန် သို့ရောက်ရှိပြီး မြန်မာပြည်ကို လွတ်လပ်ရေး ပေးရန် အက်တလီနှင့် အောင်ဆန်း အက်တလီ သဘောတူစာချုပ် ချုပ်ဆိုပြီး ၁၉၄၈ ဇန်နဝါရီ ၄ ရက်တွင် လွတ်လပ်ရေးကြေညာရန် သဘောတူ ခဲ့သည်။ သဘောတူစာချုပ်တွင် မြန်မာပြည် လွတ်လပ်ရေး ရချိန်တွင် တောင်တန်းသားများ အတွက်ပါ တပေါင်းတည်း လွတ်လပ်ရေးရရန် အောင်ဆန်း အက်တလီစာချုပ်၌ ရေးသွင်းခဲ့ သည်။
စာချုပ် ချုပ်ဆိုအပြီး မြန်မာနိုင်ငံသို့ အပြန် ခရီးတွင်မူ ဗိုလ်ချုပ်အောင်ဆန်း တစ်ဦးတည်းသာ ဖြစ်ပြီး ဦးစောနှင့် သခင်ဘစိန် အင်္ဂလန်၌ ကျန် နေခဲ့ခြင်းကပင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာ နည်ကိုးဦး လုပ်ကြံခံရဖို့ အကြောင်းဖန်လာခြင်း သာ။ ဗြိတိသျှက မြန်မာနိုင်ငံတွင် ရင်းနှီး မြှုပ်နှံ ထားသော စီးပွါးရေးလုပ်ငန်း များစွာရှိခဲ့သည်။ လွတ်လပ်ရေး ရပြီးချိန်တွင် ဆိုရှယ်လစ်စီးပွါးရေး ပုံစံကို အခြေခံဥပဒေတွင် ထည့်သွင်းရေးဆွဲကာ ထိုလုပ်ငန်းများကို လျော်ကြေးပေး၊ ပြည်သူပိုင် သိမ်းကာ နိုင်ငံပိုင်ပြုလုပ်မည်ဟူသော ဗိုလ်ချုပ် အောင်ဆန်း ပြောစကားအပေါ်စိုးရိမ်ကာ ဦးစော ကို ချဉ်းကပ်ခဲ့ခြင်းဖြစ်သည်။
အင်္ဂလန်တွင် ကျန်နေခဲ့သော ဦးစောကို လန်ဒန်ကုမ္ပဏီက ရူးပီးငွေ ငါးသိန်းပေးကာ နောက်ထပ်လည်း ထပ်မံထောက်ပံ့ဦးမည်၊ အာ ဏာ ရအောင်လုပ် ဟုဆိုကာ ပြန်လည်စေလွှတ် ခဲ့သည်။
ဦးစောကို လုပ်ကြံမှုပြုခဲ့သည့်နေ့ နေ့လည် တွင် အစိုးရအဖွဲ့မှ ၎င်း၏ နေအိမ်သို့ သွားရောက် ဖမ်းဆီးကာ လက်နက်များကိုလည်း သိမ်းဆည်းခဲ့ ပြီး အပေါင်းအပါများကို အင်းစိန်ထောင်သို့ ပို့ ဆောင်ခဲ့သည်။
၁၉၄၇ ခုနှစ် စက်တင်ဘာလတွင် အင်းစိန် ထောင်ထဲ၌ နိုင်ငံတော်လုပ်ကြံမှုကြီးကို စတင် စစ်ဆေးခဲ့သည်။ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး ၁၉၄၈ခုနှစ် ဧပြီလတွင် ယင်းအမှုကြီးအတွက် နောက်ဆုံးစီရင်ချက်ကို ချမှတ်ခဲ့ပြီး မေလ ၈ ရက်တွင် ဦးစောနှင့်အပေါင်းအပါတို့ကို သေဒဏ် ကြိုးပေးခဲ့သည်။
ယင်းကြိုးပေးမှု စီရင်ချက်တွင် အသနားခံ စာတင်၍ ပြစ်ဒဏ်လျော့ပေါ့ ခံရသူများလည်း ရှိ ခဲ့သည် ယင်းတို့သည် အဆိုပါ လုပ်ကြံမှုကြီးတွင် ပါဝင်ခဲ့သည့် ဂျစ်ကားမောင်းသူ သုခနှင့် မောင်နီ ကိုအလုပ်ကြမ်းနှင့် ထောင်ဒဏ် နှစ် ၂၀ လျော့ ပေါ့ခဲ့ပြီး အမှုဖော်သည့် ဘညွန့်နှင့် ခင်မောင်ရင် ကို အလုပ်ကြမ်းနှင့် ထောင်ဒဏ် ၁၀ နှစ် ခြောက် လအထိ ပြစ်ဒဏ်လျော့ပေါ့ခဲ့သည်။
ယင်းလုပ်ကြံမှုကြီးကို ပြန်ကြည့်မည်ဆိုပါက လုပ်ကြံခံရသူ ဗိုလ်ချုပ်အောင်ဆန်းနှင့် ဝန်ကြီး များမှာ ကိုးယောက်ရှိပြီး၊ လုပ်ကြံမှု ကျူးလွန်သူ တရားခံ ဦးစောတို့အဖွဲ့မှာလည်း ကိုးယောက် ရှိ နေခြင်းသည် ထူးခြားမှုတစ်ခု ဖြစ်ကြောင်း ဦး အုန်းကြိုင်က ပြောသည်။
ဦးစော ကြိုးမိန့်ကျသည့်နေ့ နံနက်တွင် အင်းစိန်ထောင်သို့ ထောင်ပိုင်ကြီး ဦးတင်မောင်၊ ထောင်မှူးကြီး ဦးဟန်တင်၊ ပြန်ကြားရေးဌာနမှ ညွှန်ကြားရေးမှူး ဦးဘသိန်း၊ သတင်းထောက် မောင်ထိန်၊ ဓာတ်ပုံဆရာများ၊ တရားရေးဝန်ကြီး ဌာန အတွင်းဝန် ဦးသောင်းစိန်၊ အင်းစိန်ခရိုင် တရားသူကြီးနှင့် ရာဇဝတ်ဝန်ကြီးတို့ လာရောက် ကြသည်။
၎င်းတို့အထဲမှ ထောင်ပိုင်ကြီးဦးတင်မောင် နှင့် ကပ်လိုက်လာသူမှာ သတင်းထောက် မောင် အုန်းကြိုင်ပင် ဖြစ်သည်။
ဦးစောအခန်းသို့ သူတို့ ရောက်ရှိချိန်တွင် ဦးစောသည် ကြိုးတိုင်တွင် ဘုရားမီး ပူဇော်ကာ ပုတီးစိပ်နေသည်။ “ဦးစောက တစ်ညလုံး အိပ်ပုံ မရဘူး”ဟု ဦးအုန်းကြိုင်က ပြောသည်။
ထောင်ပိုင်ကြီးမှ Good Morning ဦးစော ဟု နှုတ်ဆက်သည်။ ဦးစောမှလည်း Good Morning ဦးတင်မောင်ဟု ပြန်နှုတ်ဆက်ခဲ့ သည်။
“ကျွန်တော်အဆင်သင့်ဖြစ်နေပါပြီ၊ ခင်ဗျား တို့တာဝန်ရှိတဲ့အတိုင်း လုပ်ပါ၊ ဆောင်ရွက်ပါလို့ သူ (ဦးစော)က ပြောတယ်”ဟု ဦးအုန်းကြိုင်က ပြောသည်။
ဦးစောမှာ ကြိုးစင်သို့ လမ်းလျှောက်လာပြီး ထောင်ပိုင်ကြီး ဦးတင်မောင်ထံ နောက်ဆုံးအနေ ဖြင့် အကူညီတောင်းသည်ကို ဦးအုန်းကြိုင် ကြား လိုက်ရသည်။ ဦးစော နန်းရင်းဝန် တာဝန် ထမ်း ဆောင်စဉ် ၁၉၃၈ ခုနှစ်က မြစ်ကြီးနား၊ အင်း တော်ကြီးသို့ သွားရောက်စဉ်က သစ်ကနက်ဖြင့် ထုလုပ်ထားသည့် ဗုဒ္ဒ ရုပ်ပွါးတော်တစ်ဆူ ပင့် ဆောင်လာခဲ့သည်။ “ အဲ့ဒီဘုရားအိမ်ကိုစရောက် ကတည်းက ကျွန်တော့်ကို ခိုက်တယ်ဗျာ”ဟု ဦး စောက ထောင်ပိုင်ကြီးကိုပြောပြီး ထိုရုပ်ပွါးတော် ကို ရွှေတိဂုံစေတီတွင် စေတီတစ်ဆူ တည်ကာ ဌာပနာထည့်ရန် ဇနီးဖြစ်သူ ဒေါ်ခင်သန်းကိုပြော ပေးဖို့ အကူအညီတောင်းခဲ့သည်။
ထို့အပြင် ဦးစော၏ သမီးဖြစ်သူ ဘေဘီ စော (ခေါ်) မသန်းစောကို ပေးရန် စာတစ်စောင် လည်းရေးသားခဲ့သည်။ စာထဲတွင် “သမီးမသန်း စော၊ လောကမှာ အမုန်းတွေ၊ အာဃာတတွေ၊ ဒေါသတွေ၊ မာန်မာနတွေထားတာ မှားတယ်၊ အဖေဒီလိုထားခဲ့လို့ ဒီကိစ္စဒီအမှုကြီး ကျူးလွန် မိပါတယ်၊ အဲဒီတော့ ငါ့သားတွေ သမီးတွေ ဒီလို မထားနဲ့၊ အဖေတို့ရဲ့ မျိုးဆက်မှာ အဖေရဲ့ ဘကြီး တွေ၊ ဦးလေးတွေ၊ ကိုးယောက်တိတိ ဒီလိုပဲ လက်စားချေခဲ့ကြတယ်၊ သူများတွေကို သတ်ခဲ့ တယ်၊ အဖေလည်းအခု ဒီမှာ သတ်ခဲ့တယ်၊ ဒါ ဟာ နောက်ဆုံး ဖြစ်ပါစေ၊ ဒီလိုမကောင်းမှု အာဃာတတွေ ထားတာမှားတယ်၊ တစ်ယောက် နဲ့တစ်ယောက် ဆက်ဆံတဲ့အခါ မေတ္တာထားပြီး ဆက်ဆံပါ”ဟု ပါရှိကြောင်း သတင်းစာဆရာကြီး ဦးအုန်းကြိုင်က ပြောသည်။
ဦးစောကို ကြိုးပေးပြီးနောက်တွင် အင်းစိန် ထောင်ကြီး၏ အနောက်ဘက် ရွာမရပ်ကွက်ဘက် အထွက်ပေါက်တွင် ရှိသည့် သရက်ပင်များ၏ အောက်တွင် ကျွင်းတူးပြီး အလောင်းကို မြုပ်နှံခဲ့ သည်။
ဗိုလ်ချုပ်အောင်ဆန်း၏ ရုပ်အလောင်းကို ရွှေတိဂုံစေတီ အလယ်ပစ္စယံလမ်း၊ ယခု အာဇာ နည်လမ်းအတိုင်းဝင်၍ ရွှေတိဂုံစေတီသို့ သုံးပတ် ပတ်ကာ အာဇာနည် ကုန်းတွင် ဂူသွင်းသင်္ဂြိုလ် ပြီးချိန်တွင် ကောင်းကင်မှအတောင်နှစ်ထပ် လေ ယာဉ်ပျံငါးစင်းမှ ပန်းများကျဲချကြောင်းနှင့် ဗိုလ် ချုပ် ရုပ်အလောင်းကို လိုက်ပါ ပို့ဆောင်သည့် သိန်းချီရှိသော လူထုပရိတ်သတ်မှာ ငိုပွဲဆင်ခဲ့ကြ ရသည်။
“ဗိုလ်ချုပ်သာ မသေခဲ့ဘူးဆိုရင် မြန်မာ ပြည်တင်မဟုတ်ဘူး အရှေ့တောင်အာရှ သမ္မဂ္ဂ နိုင်ငံကြီး အားလုံးလည်း တိုးတက်နေပြီ”ဟု ဦး အုန်းကြိုင်က ပြောသည်။ ယခု ဗိုလ်ချုပ်နှင့်အတူ အာဇာနည် ခေါင်းဆောင်ကြီးများ ကျဆုံးခဲ့သည် မှာ နှစ်ပေါင်း ၇၀ ရှိခဲ့လေပြီ။
သို့သော် ယင်းဖြစ်ရပ်ကို ကိုယ်တွေ့ကြုံခဲ့ရ သူ ဦးအုန်းကြိုင်၏ပုံစံမှာမူ မနေ့တစ်နေ့က ဇာတ် ကြောင်းကို ပြန်ပြောင်း ပြောဆိုနေသလိုပင်။

LEAVE A REPLY

Please enter your comment!
Please enter your name here