NCA စာချုပ် လက်မှတ်ရေးထိုးခြင်း အခမ်းအနားသို့ နိုင်ငံတော်သမ္မတ တက် မတက် ထုတ်ပြန်ကြေညာမထား

63
နိုင်ငံတော်သမ္မတ ဦးထင်ကျော်

မော်လမြိုင် ၊ ဖေဖော်ဝါရီ ၉

ဖေဖော်ဝါရီ ၁၃ ရက်နေ့၌ နေပြည်တော်တွင် ကျင်းပမည့် မွန်ပြည်သစ်ပါတီနှင့် လားဟူဒီမိုကရက်တစ်အစည်းအရုံးတို့ တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးခြင်းအခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်တက်ရောက်ခြင်းနှင့် ပါဝင်လက်မှတ်ရေးထိုးခြင်းပြုမပြုကို သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေး က ‘အစီအစဉ် အသေးစိတ် ထုတ်ပြန်ရန်မရှိ’ဟု မီဒီယာ၏ မေးမြန်းချက်အပေါ်တုံ့ပြန်ဖြေကြားခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားကျင်းပသည့် နေ့တွင် ‘Liveလွှင့်မည်’ ဟုသာ သမ္မတရုံးပြောရေးဆိုခွင့် ရှိသူက ဆိုထားသည်။

ယင်းအခမ်းအနားသို့ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ တက်ရောက်၍ အစိုးရဘက်မှလက်မှတ်ရေးထိုးမည်ဖြစ်ကြောင်း သိရသည်။

မွန်ပြည်သစ်ပါတီ ဗဟိုကော်မတီဝင် နိုင်အောင်မငေးက အခမ်းအနားသို့ သမ္မတအနေဖြင့် တက် မတက်နှင့် လက်မှတ် ပါဝင်ရေးထိုးခြင်း ပြု မပြုကိစ္စမှာ နိုင်ငံတော်ပိုင်းက စီစဉ်ခြင်းဖြစ်၍ မိမိအနေဖြင့် တိတိကျကျ ပြော၍ မရကြောင်း မီဒီယာကို ဖြေကြားထားသည်။

NCA လက်မှတ် ရေးထိုးရာတွင် သက်သေအဖြစ် ယင်းစာချုပ်၌ ယခင်က လက်မှတ်ရေးထိုးထားပြီးဖြစ်သည့်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ပါ ပါဝင်မည် ဖြစ်ကြောင်းနှင့် ယခုကျင်းပမည့်အခမ်းအနားမှာNLD အစိုးရလက်ထက်၌ ပထမဆုံးကျင်းပသည့် NCA လက်မှတ်ရေးထိုးခြင်းအခမ်းအနား ဖြစ်ကြောင်းသိရသည်။

ယခင်ကျင်းပခဲ့သည့် ၂၀၁၅ အောက်တိုဘာလလယ်က အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင် ရှစ်ဖွဲ့တို့လက်မှတ်ရေးထိုးပွဲအခမ်းအနားသို့ အစိုးရဘက်မှ နိုင်ငံတော်သမ္မတနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပြင် လွှတ်တော်ဘက်မှလည်းတက်ရောက်ခဲ့သည်။

Written by လင်းသင်္ခယာ

LEAVE A REPLY

Please enter your comment!
Please enter your name here