Yangon Watch ကို တည်ထောင်သူ Dr.ညိုညိုသင်းနှင့် တွေ့ဆုံမေးမြန်းခြင်း

1

“ပြင်ပလောကမှာပဲဖြစ်ဖြစ် တစ်ဦးနှင့်တစ်ဦးကြားထဲမှာ အခုလိုမျိူး ထိခိုက်နစ်နာမှုတွေဖြစ်အောင် လုပ်လာမယ်ဆိုလို့ရှိရင် တခြားသော ပြစ်မှုဆိုင်ရာဥပဒေတွေ တည်ဆဲဥပဒေတွေနဲ့ တရားစွဲနိုင်ခွင့် အခွင့်အရေးတွေ နစ်နာသူမှာရှိတယ်”

လူသားထုတစ်ရပ်လုံး၏ မွေးရာပါ လူ့အခွင့်အရေးတစ်ရပ်ဖြစ်သည့် လွတ်လပ်စွာ ထုက်ဖော်ရေးသားပြောဆိုခွင့် (Freedom of expression) အပေါ် အစဉ်ခြိမ်းခြောက်လျက်ရှိသော ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖျက်သိမ်းရေးနှင့် ပတ်သက်၍ Dr.ညိုညိုသင်းနှင့် တွေ့ဆုံမေးမြန်းခြင်းမှ တချို့ကိုကောက်နုတ်ဖော်ပြလိုက်ရပါသည်။

 

ဟင်္သာမီဒီယာ ။ ။ ၂၀၁၃ ခုနှစ်၊ ဦးသိန်းစိန်အစိုးရလက်ထက်မှာ အတည်ပြုပြဋ္ဌာန်းခဲ့တဲ့ ၆၆(ဃ)နဲ့ ပတ်သက်လို့ ဥပဒေပညာရှင်တစ်ယောက်အနေနဲ့ ဘယ်လိုမြင်ပါသလဲ၊ လူ့အခွင့်အရေးသမား တစ်ယောက်အနေနဲ့ ဘယ်လိုသုံးသပ်ပါသလဲ။

Dr.ညိုညိုသင်း ။ ။ အမှန်ကတော့လေ အဲဒီဥပဒေ ၂၀၁၃ မှာ ပြဋ္ဌာန်းစဉ်တုန်းက ဟိုနိုင်ငံခြားက Telecommunacation ဆက်သွယ်ရေးကုမ္မဏီတွေလာမယ်ဆိုပြီးတော့ အဲဒီကုမ္မဏီတွေ လာပြီး မြှုပ်နှံလို့ရှိရင် လိုအပ်တဲ့ဥပဒေအနေနနဲ့ အဲဒီဟာကို ပြဋ္ဌာန်းတာပေါ့။ အခုလိုမျိုးရည်ရွယ်ချက်တွေနဲ့ နိုင်ငံရေးအရ တစ်ဦးနဲ့တစ်ဦး၊ လူမှုရေးအရ တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်ရမယ့်ပုံစံမျိုးဖြစ်အောင် ဒီဥပဒေက ရေးဖြစ်ခဲ့တာမဟုတ်ဘူးလေ။ ဒါပေမဲ့ အဲဒီဥပဒေရဲ့ ရည်ရွယ်ချက်က ပျောက်ပြီးတော့ အခုကျတော့ ဒီလိုအခြေအနေတွေ ဖြစ်လာေပေါ့လေ။

အဲဒီတော့ ဒီဥပဒေကို ပြန်ကြည့်လို့ရှိရင် နည်းဥပဒေက မဖြစ်မနေ ပြင်ဆင်ရမယ်။ ဒီဥပဒေက အာမခံပေးနိုင်တယ်လို့ ပြောမထားဘူး။ မပေးနိုင်ဘူးလို့လဲ သူက ပြောမထားဘူး။ ဒါပေမယ့် တခြားဥပဒေတွေ တည်ဆဲဥပဒေတွေ လေ့လာလိုက်တဲ့အခါမှာ ဒီဥပဒေကို အာမခံ မပေးရဘူးလို့ ပြောထားတာ မဟုတ်တဲ့အတွက် အမှန်ကတော့ အာမခံပေးရမယ့်အမှုလို့ မှတ်ယူရမှာဖြစ်တယ်။

ဒါပေမယ့် ဥပဒေထဲမှာ အာမခံပေးရမယ့်အမှုတို့ ပြောမထားတဲ့အတွက်ကြောင့် တရားလိုရဲ့အရှိန်အဝါပေါ်မှာ မူတည်ပြီးတော့ စွပ်စွဲခံရတဲ့သူတွေရဲ့ အာမခံရမှု မရမှုက တည်နေတယ်။ ဒီအမှုက များသောအားဖြင့်က အာမခံမရဘူး။ အာမခံမရတဲ့အခါကျတော့ ခုနက လူ့အခွင့်အရေးရှုတောင့်က ပြန်ကြည့်လိုက်တဲ့အခါကျတော့ ဒါက အမတန်မှ ဆိုးဝါးတဲ့ဥပဒေအနေနဲ့ သမိုင်းမှတ်တမ်းမှာ ရှိနေတယ်။

ဘာကြောင့်လဲဆိုတော့ ဥပဒေရဲ့ သဘောမှာရှိနေတယ်။ အပြစ်ရှိတဲ့သူ ထောင်ချီပြီးတော့ လွတ်သွားရင် လွတ်သွားပါစေ။ အပြစ်မရှိတဲ့လူ တစ်ယောက်ကို အချုပ်မှာ တစ်ရက်မှ မနေရဘူး။ ဒါက ဥပဒေရဲ့ ဆိုရိုးအခြေခံမူပဲ။ ၆၆ ဃကိုကျတော့ ဒီဥပဒေရဲ့ အခြေခံမူကို လုံဝချိုးဖောက်နေတယ်။ အဲဒါကြောင့် ဒီအမှုဖြစ်လာလို့ရှိရင် အာမခံမပေးပဲနေတဲ့အခါကျတော့ တရားရုံးက အပြစ်ရှိတယ်လို့ ပြစ်ဒဏ်မစီရင်ခဲ့ကတည်းက သူကထောင်ထဲရောက်သွားတဲ့သဘောဖြစ်နေတယ်။ ဒါကြောင့်မို့လု့ိ ဒီဥပဒေဟာ လူ့အခွင့်အရေးစံနှုန်းနဲ့ပဲ ကြည့်ကြည့် တရားမျှတမှုစံနှုန်းနဲ့ပဲကြည့်ကြည့် ဒီဥပဒေက မရှိသင့်ဘူး။ သွားနေတဲ့နိုင်ငံရေးနဲ့လည်း မကိုက်ဘူး။

ဒါဆိုရင် ဆက်သွယ်ရေးကွန်ယက်ကို သုံးပြီးတော့ ပုဂ္ဂိုလ်ရေးအရ အဖွဲ့အစည်းကိုဖြစ်စေ လူပုဂ္ဂိုလ်တစ်ဦးကိုဖြစ်စေ ထိခိုက်နစ်နာအောင်လုပ်တဲ့ကိစ္စတွေကို ဘယ်လိုအရေးယူမလဲလို့ မေးလာစရာအကြောင်း ရှိတယ်။ ဒီဥပဒေမရှိရင် တစ်ခြားဥပဒေနဲ့ အရေးယူလို့ရတယ်။ မြန်မာနိုင်ငံမှာ တည်ဆဲဥပဒေတွေ အများကြီးရှိတယ်။ တခြားပြစ်မှုဆိုင်ရာဥပဒေတွေ ပြဋ္ဌာန်းထားတဲ့အခြားပုဒ်မတွေနဲ့ အရေးယူလို့ရတယ်။ ဒီဥပဒေက လုံဝ မရှိရင်တောင်ရတယ်။

ဒီလိုမျိုးဆက်သွယ်ရေးကွန်ယက်မှာပဲဖြစ်ဖြစ် ဒီပြင်ပလောကမှာပဲဖြစ်ဖြစ် တစ်ဦးနဲ့တစ်ဦးကြားထဲမှာ အခုလိုမျိုး ထိခိုက်နစ်နာမှုတွေ ဖြစ်အောင် လုပ်လာမယ်ဆိုလို့ရှိရင် တခြားသော ပြစ်မှုဆိုင်ရာဥပဒေတွေ တည်ဆဲဥပဒေတွေနဲ့ တရားစွဲနိုင်ခွင့် အခွင့်အရေးတွေ နစ်နာသူမှာ ရှိတယ်။ အမှန်ကျတော့ ဒီဥပဒေဟာ ဖျက်ကို ဖျက်ပေးရမယ်။

ဟင်္သာမီဒီယာ ။ ။ အာမခံပေးရမယ် မပေးရဘူးလို့၊ ပြောမထားတာက ဒီဥပဒေရဲ့ အားနည်းချက်တစ်ခုလား။

Dr.ညိုညိုသင်း ။ ။ဒါပေမယ့် ဥပဒေတွေတော်တော် များများက အဲလိုမျိုးအာမခံပေးရမယ် မပေးရဘူးလို့ ပြောမထားဘူး။ တရားသူကြီးရဲ့ စင်ခြင်တုံးတရားပေါ်မှာ အများကြီးမူတည်တယ်။ နောက်ပြီးတော့ တရားရုံးလက်စွဲတွေမှာလည်း ဥပမာအားဖြင့် ပြစ်မှုကျူးလွန်တယ်လို့ စွပ်စွဲခံရတဲ့လူဟာ ပုံမှန်အားဖြင့် လူ့အဖွဲ့အစည်းရဲ့ လုံခြုံရေးကို ခြိမ်းခြောက်မယ့်သူ မဟုတ်ဘူးဆိုလို့ရှိရင် အာမခံပေးရမယ်ဆိုတဲ့မူက ရှိပြီးသား။ ခုနက ဥပဒေရဲ့ အခြေခံမူထဲမှာ လူတစ်ယောက်ကို အပြစ်ရှိတယ်လို့ တရားရုံးက ပြစ်ဒဏ်မစီရင်သမျှကာလပတ်လုံး အဲဒီလူက ပြစ်ကင်းစင်တယ်လို့ သတ်မှတ်ရမယ်။ အဲဒီတော့ ကြိုပြီးတော့ ချုပ်လို့မရဘူး။ အဲဒီတော့ အခု ၆၆ ဃက ကြိုပြီးချုပ်လို့ရတဲ့သဘောဖြစ်နေတယ်။ တရားရုံးက အပြစ်ရှိတယ်လို့ မချမှတ်ခင်မှာ ကြိုပြီးတော့ အပြစ်ရှိတယ်သတ်မှတ်ပြီး ကြိုပြီးတော့ ချုပ်နှောင်သလို ဖြစ်နေတယ်။

ဒါဟာ အဆိုးဝါးဆုံးသော လူ့အခွင့်အရေးချိုးဖောက်မှုပဲ။ လူတစ်ယောက်ကိုအပြစ်မရှိဘဲနဲ့ အပြစ်ရှိတယ်လို့ မှတ်ယူပြီးတော့ အာမခံမပေးဘူးဆိုတာ ချုပ်တာပဲ ထောင်ကို ပို့တာပဲ။ ချုပ်နှောင်တယ်ဆိုတာကဟာ ဒါက တရားစီရင်ရေးရဲ့ အခြေခံမူတွေကိုလည်း ဖောက်ဖျက်ရာရောက်တယ်။ သဘာဝတရားမျှတမှုနည်းဥပဒေတွေကိုလည်း ဆန့်ကျင်ရာရောက်တယ်။ လူ့အခွင့်အရေးစံနှုန်းတွေကိုလည်း မလေမစားရာရောက်တယ်။

ဟင်္သာမီဒီယာ ။ ။ နောက်တစ်ခုပြောကြတာလည်းရှိတယ်။ ဥပဒေမှာ ၃ နှစ်နဲ့ အထက် ပြစ်ဒဏ်ချမှတ်ခွင့်ရှိရင် အာမခံမပေးရဘူးဆိုတာကရော။

Dr.ညိုညိုသင်း ။ ။ အဲဒါကတော့ သုံးနှစ်အထက်ကို အာမခံမပေးရဘူးလို့ ပြောထားတာမဟုတ်ဘူး။ သုံးနှစ်အထက်ပြစ်မှုတွေဖြစ်တယ်။ အဲဒါက ဥပဒေကို လိုသလိုအဓိပ္ပာယ်ကောက်ယူတာ ဒီလိုဖြစ်တာ။ အမှန်မှာ ဥပဒေတစ်ခုကို ဘယ်သူကမှ အဓိပ္ပာယ်ကို လိုသလိုကောက်ယူလို့မရဘူး။ ဥပဒေကို ဓိပ္ပာယ်ဖွင့်ဆိုတဲ့နေရာမှာ ဥပဒေကို ပြဋ္ဌာန်းသူတွေရဲ့ ရည်ရွယ်ချက်ကို ထည့်သွင်းပြီးတော့ စဉ်းစားရတယ်။ သုံးနှစ်အထက်ကိုဆိုတာဟာ ဘာကိုပြောချင်တာလဲဆို သုံးနှစ်အထက်ပြစ်မှုကျူးလွန်သူတွေဟာ ဟိုအရင်းခေတ်တွေကို ပြန်ကြည့်မယ်ဆိုရင်တော့ လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်တယ်။ ခြိမ်းခြောက်တဲ့ပြစ်မှုကို ကျူးလွန်တဲ့သူ ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဟိုရှေးခေတ်က လူ့အဖွဲ့အစည်းက ယဉ်ကျေးသိမ်မွေ့တဲ့ လူ့အဖွဲ့အစည်းဖြစ်ခဲ့တယ်။ မတိုးတက်သေးဘူးဆိုတဲ့အခါကျတော့ သုံးနှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်တဲ့ အမှုဆိုတာဟာ အတော်လေးကို ကြီးကျယ်တယ်။ လူ့အဖွဲ့အစည်းရဲ့ ငြိမ်းချမ်းရေး သာယာရေးကို ခြိမ်းခြောက်တဲ့အမှုလို့ အရင်တုန်းက သတ်မှတ်ခဲ့ကြတယ်။

ဒါကြောင့်မို့လို့ အာမခံမပေးချင်ရင် ရတယ်။ ဒါပေမယ့် အဲဒီလူဟာ ခုန အဲဒီအချက်တွေနဲ့ ငြိနေရမယ်။ တကယ်လို့ လူတစ်ယောက်ဟာ သူ့မှာ ပုံမှန် လုပ်ငန်းကိုင်ငန်းတွေရှိတယ်။ အလုပ်လုပ်နေတာတွေ ရှိတယ်။ သူ့ရဲ့ ဂုဏ်သိက္ခာအရသော်လည်းကောင်း၊ သူက တကယ့်တော့ လူ့အဖွဲ့အစည်းကို အန္တရာယ်မပေးမယ့် လူမျိုးဆိုလို့ရှိရင် သူ့ကို အာမခံပေးကို ပေးရမယ်။ သူ့ကို တရားရုံးရဲ့ ဖြေကြားချက်တွေရှိပြီးသား။

လူတွေကို မှားပြီး ချုပ်နှောင်တာမျိုး၊ ကြိုတင်ပြီးချုပ်နှောင်တာမျိုး မဖြစ်အောင် များသောအားဖြင့် အာမခံပေးရမယ်လို့ ညွှန်ကြားချက်တွေ ရှိထားပြီးသား။ ခုနက သုံးနှစ်အထက်ဆိုရင် အာမခံမပေးရဘူးဆိုတာဟာ ဥပဒေကို ကိုယ်လိုသလို အဓိပ္ပာယ်ဖွင့်ဆိုရာကနေ ထွက်ပေါ်လာတဲ့မှားယွင်းတဲ့ ယူဆချက်တစ်ခုပဲ။

ဟင်္သာမီဒီယာ ။ ။ စောစောက ပြောသွားခဲ့သလိုဘဲ၊ လူတစ်ယောက်နဲ့ တစ်ယောက် အနိုင်ကျင့်တာတွေ၊ ခြောက်လှန့်တာတွေ၊ မတရားစွပ်စွဲတာတွေဟာ ဟိုဘက်က ပြစ်မှုဆိုင်ရာ ဥပဒေတွေရှိနေပါလျှက်နဲ့ ၆၆(ဃ)မှာ ထည့်သွင်းထားတာဟာ ဘယ်လိုရည်ရွယ်ချက်လို့ မြင်ပါသလဲ။

Dr.ညိုညိုသင်း ။ ။ ခုနကပြောခဲ့သလိုပါပဲ ၆၆ ဃကို ပြဋ္ဌာန်းရခြင်းရည်ရွယ်ချက်က အခုလိုမျိုးအခြေအနေတွေမှာ အသုံးချဖို့မဟုတ်ပါဘူး။ ဆက်သွယ်ရေးကွန်ယက် ဆက်သွယ်ရေးကုမ္ပဏီတွေပေါ်လာလို့ရှိရင် ဆက်သွယ်ရေးကွန်ယက်တွေကို သုံးပြီးတော့ မသမာမှုတွေ ဖြစ်မှာဆိုလို့ အဲဒီလိုပြဋ္ဌာန်းခဲ့တာဖြစ်တယ်။ ဥပဒေက အဲဒီလိုရည်ရွယ်ခဲ့တာမဟုတ်ဘူး။
လူတစ်ယောက်ကိုခြိမ်းခြောက်မှုတွေလုပ်တယ်ဆိုရင် အဲဒါက ပြစ်မှုဆိုင်ရာ ဥပဒေရှိပြီးသား။ လူတစ်ယောက်ကို ခြိမ်းခြောက်တယ်ဆိုရင် ဘာတွေနဲ့ပဲ ခြိမ်းခြောက်ခြိမ်းခြောက် ဆက်သွယ်ရေးကွန်ရက်ကပဲ ခြိမ်းခြောက် ခြိမ်းခြောက်၊ စာတိုက်ကနေပြီးတော့ပဲ ခြိမ်းခြောက်ခြိမ်းခြောက် ပါဆယ်ထုပ်ပို့ပြီးတော့ပဲ ခြိမ်းခြောက်ခြိမ်းခြောက် ခြိမ်းခြောက်တယ်ဆိုကတည်းက ပြစ်မှုဆိုင်ရာဥပဒေအရ ရာဇသတ်ကြီးအရ ဒါက ပြစ်မှုမြောက်နေပြီ။ ဒါကြောင့်မို့လို ၆၆ ဃက သုံးနှစ်ချလို့ပြီးလေ သုံးနှစ်အထက်ချလို့ရတဲ့ ဥပဒေပုဒ်မတွေရှိပြီးသား။ ဒါကြောင့်မို့လို့ တခြားပုဒ်မတွေနဲ့ဒီလို အလာသဏ္ဍာန်တူ ခြောက်လှန့်မှုတွေအတွက်ကို တစ်ခြားပုဒ်မတွေနဲ့လည်း အရေးယူနိုင်ပါတယ်။ ဒါဟာ ၆၆ ဃကို သက်သက်မဲ့ တလွဲအသုံးချကြတာပေါ့နော်။

ဟင်္သာမီဒီယာ ။ ။ လူ့မှုကွန်ရက်တွေပေါ်ကနေ မိမိအမြင်ကို၊ မိမိခံစားရတာတွေကို ထုတ်ဖော်ပြောရင်းနဲ့ အာဏာရှိသူတွေ၊ အစိုးရဌာနတွေရဲ့ ဥပဒေမဲ့လုပ်ရက်တွေကို ဖော်ထုတ်အရေးယူနိုင်ခဲ့တာတွေ အများကြီးရှိခဲ့ပါတယ်။ ဒါပေမယ့် အခုအတိုင်းဆိုရင် ၆၆(ဃ)ကြောင့် ဒီလိုအသံတွေ ဆိတ်သုဉ်းကုန်ကြရင် အကျိုးအပြစ်က ဘာတွေဖြစ်နိုင်သလဲ။

Dr.ညိုညိုသင်း ။ ။ အမှန်မှာတော့ လူထုက သူတို့ရဲ့ ခံစားချက်တွေ တင်ပြခွင့်တွေ၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေ ဒါဟာ ဒီမိုကရေစီစနစ်ရဲ့ အဓိကကျတဲ့စံညွှန်းပဲ။ ဒီမိုကရေစီစနစ်တစ်ခု အမှန်တကယ် ရှင်သန် မရှင်သန် တိုင်းတာချင်တယ်ဆိုရင် ဒီစံနှုန်းနဲ့ တိုင်းတာရတာပဲ။ လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့် ပြည်သူလူထုမှာ ဘယ်လောက်ထိရှိလဲဆိုတာ မူတည်တယ်။

အခုလိုမျိုး facebook တွေမှာ သူတို့ရဲ့ နုနောချက်တွေကို သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်တွေကို ဒီ ၆၆ ဃက ခြိမ်းခြောက်လာတဲ့အတွက်ကြောင့်မို့လို့ တိုင်းပြည်မှာ ပြည်သူလူထုက သူတို့ရဲ့ထင်မြင်ယူဆချက်တွေကို သူတို့ရဲ့နစ်နာမှုတွေကို တင်ပြလာတာကို နည်းလာမယ်။ နည်းလာတာနဲ့အမျှ အစိုးရက လူထုကြားထဲမှာ ပထမဆုံးဘာတွေဖြစ်နေလဲဆိုတာ အစိုးရတစ်ရပ်အနေနဲ့ သိတော့မှာမဟုတ်ဘူး။

လူထုအနေနဲ့လည်း အစိုးရအပေါ်မှာ ယုံကြည်မှုတွေ ချစ်ခင်မှုတွေ အရမ်းကို လျော့ပါးသွားနိုင်တဲ့အနေအထားမှာ ရှိနေတယ်။ နောက်ပြီး ဒီမိုကရေစီရဲ့ စံနှုန်းပေတံတွေ မရှိတဲ့အတွက်ကြောင့်မို့လို့ တိုင်းတာရမယ့်ပေတံကိုက လုံဝပျက်စီးသွားတဲ့အတွက်ကြောင့် ဒီမိုကရေစီစနစ်ကလည်း ဖွံ့ဖြိုးရှင်သန်မှုကလည်း ဘယ်လိုမှ မလွယ်ဘူး။

ဒါကြောင့်မို့လို့ ဒီ ၆၆ ဃက Freedom of expression ကို အတိုအလင်း ခြိမ်းခြောက်နေတာဖြစ်တယ်။ ဒီမိုကရေစီအစိုးရဆိုလို့ရှိရင် ဒီမိုကရေစီလွှတ်တော်မှာ ဒါကို အမြန်ဆုံး ဖျက်သိမ်းဖို့ လိုအပ်တယ်။

ဟင်္သာမီဒီယာ ။ ။ တရားဥပဒေဆိုတဲ့ စကားရပ်အပေါ်ထောက်ပြီး ဥပဒေတစ်ခုဟာ ဘယ်လိုအခြေမှာ တရားမျှတပြီး ဘယ်လိုအခြေအနေမှာ တရားမျှတမှုမရှိဘူးလို့ သုံးသပ်နိုင်ပါသလဲ။

Dr.ညိုညိုသင်း ။ ။ ဥပဒေဆိုတာက အစိုးရရဲ့ရည်ရွယ်ချက်တွေကို လိုက်ပြီးတော့ အကောင်အထည်ဖော်နေတာတွေများနေတယ်။ အမှန်မှာ ဥပဒေဆိုတာက တရားတဲ့ဥပဒေတွေ ဘယ်လိုစံနှုန်းတွေနဲ့ သတ်မှတ်မလဲဆိုရင် အဲဒီဥပဒေရဲ့အထက်မှာ ဘယ်သူမှမရှိတာပဲ။ အဲဒီတော့ ဥပဒေတစ်ခုကို အာဏာရှိတဲ့လူတစ်စုက ထင်သလို ဥပဒေကို အသုံးချပြီးတော့ အားနည်းတဲ့သူတွေကို၊ မိမိနဲ့အမြင်မတူတဲ့သူတွေကို တားဆီးမယ်ချုပ်နှောင်မယ် ဆိုလို့ရှိရင် အဲဒီဥပဒေဟာ ဘယ်လိုမှ တရားတဲ့ဥပဒေလို့ ပြောလို့ရမှာမဟုတ်ဘူး။

ဒါကြောင့်မို့လို့ အထူးသဖြင့် ဘယ်လူ့အဖွဲ့အစည်းမှာမဆို အာဏာရှိတဲ့လူတွေ ပါဝါရှိတဲ့လူတွေက အားနည်းတဲ့ပြည်သူလူထုကို နှိပ်စက်လို့မရအောင် နှောင့်ယှက်လို့မရအောင် ကာကွယ်ထားတဲ့ တိုင်းသူပြည်သား အားလုံးရဲ့ အကျိုးစီးပွားကာကွယ်ထားတဲ့ဥပဒေဆိုတာကို ကိုယ်စားလှယ်တွေက ပြည်သူက ရွေးချယ်ထားတာမို့လို့ ပြည်သူ့လွှတ်တော်မှာ ပြဋ္ဌာန်းပေးရတာဟာ။ ဒီမိုကရေစီနိုင်ငံရဲ့ လုပ်နေကျ လုပ်ကိုလုပ်ရမယ့် အလုပ်ပဲ။

အဲဒီတော့ တရားဥပဒေကို ဘယ်လိုကန့်သတ်မလဲဆိုရင် ခုနက အများပြည်သူတွေ အထူးသဖြင့် Poor ပေါ့နော်၊ အဲဒီတိုင်းပြည်မှာရှိတဲ့ အားနည်းတဲ့ လူထုတွေအတွက်ကို အဲဒီဥပဒေက ဘယ်လိုအာမခံချက်တွေ ပေးတဲ့အပေါ်မှာ မူတည်ပြီးတော့ အဲဒီဥပဒေက တရားတယ် မတရားဘူးဆိုတာကို ဆုံးဖြတ်ရမယ်။

တကယ်လို့ ဥပဒေတစ်ခုက အာဏာရှိတဲ့လူတွေက ပါဝါရှိတဲ့လူ ပိုက်ဆံရှိတဲ့လူကို ကာကွယ်တယယ်။ ထင်သလို ပြုမူခွင့်ပေးတယ်ဆိုရင် အဲဒီဥပဒေဟာ ဘယ်လိုမှတရားတဲ့ဥပဒေလို့ ပြောလို့မရဘူး။

ဟင်္သာမီဒီယာ ။ ။ တရားဥပဒေစိုးမိုးရေးနဲ့ လူ့အခွင့်အရေးကို စောင်းပေးခဲ့တဲ့ NLD ပါတီဟာ ၆၆(ဃ) နဲ့ တရားစွဲဆိုမှုမှာ စံချိန်ချိုးခဲ့သလို လွှတ်တော်အနေနဲ့လည်း ဒီဥပဒေကို ပြင်ဆင်ဖို့ (သို့မဟုတ်) ပယ်ဖျက်ဖို့ ပျက်ကွက်နေတာဟာ NLD ပါတီရဲ့ ပုံရိပ်အပေါ် ဘယ်လိုသက်ရောက်မှုရှိနိုင်မလဲ။

Dr.ညိုညိုသင်း ။ ။ ဒါကတော့ ပါတီပုံရိပ်ကို ဘယ်လောက်ထိခိုက်လဲဆိုတာက နိုင်ငံရေးစိတ်ဝင်စားသူတွေ မီဒီယာတွေ၊ ပညာတတ်အသိုင်းအဝိုင်းနှင့် နိုင်ငံတကာစာမျက်နှာမှာတော့ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး စံနှုန်းအရ ထိခိုက်မှုရှိပါတယ်။ ဒါပေမယ့် ပြည်သူအများစုက တောနေလူတန်းစားများသလို နိုင်ငံရေးကို စိတ်ဝင်စားကြတာများကြတော့ ဒါတွေကို မသိနိုင်ဘူး။ ဒါကြောင့် ဒီမိုကရေစီနှင့် လူ့အခွင့်အရေးအရ ပါတီရဲ့ ပုံရိပ်ကိုထိခိုက်ပေမယ့် ရွေးကောက်ပွဲရလဒ်ကို ပြောင်းသွားအောင်အထိတော့ မထိခိုက်နိုင်ပါဘူး။ အများစုက စားဝတ်နေရေးအတွက်ပဲ ရုန်းကန်နေကြရတာဆိုတော့ မသိကြဘူး။ စိတ်လည်းမဝင်စားကြဘူး။

ညီငယ်လေး

LEAVE A REPLY

Please enter your comment!
Please enter your name here